ဒီမင်းရှားရောဂါဝေဒနာရှင်များ အင်္ကျီအဝတ်အစားလဲရန်၊ ရေချိုးရန်ငြင်းဆိုလာသည့်အခါ…

(ဒေါက်တာသန်းထွန်းအောင်)

ဒီမင်းရှားဝေဒနာရှင်များအနေဖြင့် အင်္ကျီအဝတ်အစားလဲရန်၊ ရေချိုးရန် ငြင်းဆန်လာတတ် ကြသည်မှာ အဖြစ်များသည်။ ယခင်က သန့်သန့်ပြန့်ပြန့်နေတတ်သူ အလှအပကြိုက်သူသည် ယခု အင်္ကျီ တစ်ထည်တည်းကိုမချွတ်တန်း သုံးလေးရက်ဆက်တိုက်ဝတ်လာခြင်း၊ မိမိကိုယ်ကို မပြင် မဆင် ဖြစ်လာခြင်း၊ နေ့တိုင်းရေချိုးတတ်သောအလေ့အကျင့်ရှိသူသည် ရေမချိုးသည့် ရက်များလာ ခြင်း စသည့် တကိုယ်ရေ သန့်ရှင်းရေးနှင့်ပတ်သက်ပြီး နေထိုင်မှုပုံစံ၊ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲ လာခြင်းတို့ သည် ဒီမင်းရှားရောဂါကြောင့် ဖြစ်လာသည့် ပြောင်းလဲမှုများအနက် တစ်ခုဖြစ်ပါသည်။ ရည်ရွယ် ချက်ရှိရှိ တမင်လုပ် ဆောင်နေခြင်း မဟုတ်ဘဲ ဒီမင်းရှားရောဂါ၏ လက္ခဏာတစ်ရပ် ဖြစ် သည်ကို နားလည်လက်ခံရန်အရေးကြီးပါသည်။ သို့မှသာမိမိတို့ချစ်ကြရသူ တန်ဖိုးထားရသူ တစ်ဦး ၏ လက်ရှိ ဒီမင်းရှားရောဂါကြောင့် ပြောင်းလဲလာခြင်းကို လက်ခံနားလည်ကာ  ကြင်နာစိတ်ဖြင့် သည်းခံစိတ်ရှည်စွာ ဆက်လက်ပြုစု သွားနိုင်ကြမည်ဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးမှာ လုပ်ဆောင်ပေးနိုင်သည့် နည်းလမ်းအချို့ကို ဆေးပညာ ရှုထောင့်မှ အကြံပြုတင်ပြလို ပါသည်။

ဒီမင်းရှားဝေဒနာရှင်များသည် ရောဂါကြောင့် မိမိဝတ်ထားသည့်အဝတ်အစားသည် ဘယ် နှစ်ရက်ရှိနေပြီဟု မှတ်သိ နိုင်စွမ်း မရှိတော့ပါ။ တဆက်တည်းပင် အဝတ်အစား ညစ်ထေး နံစော် လာခြင်းကိုလည်း မသိမြင်နိုင်တော့ပါ။ သန့်ပြန့်ခြင်းနှင့်ပတ်သက် မခံစားရတော့ခြင်း၊ မှတ်ဉာဏ် ပေါင်းစပ်ပြီး သိနားလည်ခြင်း ချို့ယွင်းလာသည့်အခါ “ငါ့အဝတ်အစားတော့ ညစ်ပတ်နေပြီ၊ လဲရ တော့မယ်” “ခန္ဓာကိုယ်တွေလည်းနံစော်နေပြီ၊ ရေချိုးရမယ်” စသည်ဖြင့် မသိနိုင်တော့ခြင်း၊ မဆုံး ဖြတ်နိုင်ခြင်းတို့ဖြစ်လာပါသည်။ ထိုအခါသူတို့နေ့တိုင်းရက်ဆက်ဝတ်ထားသည့်အင်္ကျီမှန်းမသိဘဲ မကြာခင်ကဝတ်ထားသည့် သန့်နေသည့် အဝတ်အစားအသစ်ကဲ့သို့ ထင်နေနိုင်သည်။ လက်ရှိဝတ် ထားသည့်အင်္ကျီသည် သူတို့ ကြိုက်သော၊ သက်တောင့်သက်သာရှိသော၊ ဟောင်းသော်လည်း အလွန်ဝတ်၍ ကောင်းသော အင်္ကျီ ဖြစ်သဖြင့် ထိုအင်္ကျီကို မချွတ်ချင် မလဲချင် ခြင်းလည်း ဖြစ်နိုင် ပါသည်။ ထိုအနေအထားကို ဖြေရှင်းရန်မှာ သူတို့ ကြိုက်သည့် မချွတ်တန်းဝတ်နေသည့်အင်္ကျီနှင့် ပိတ်စတူ၊ ပုံစံ တူ၊ အရောင်တူအင်္ကျီကို များများ ဝယ်ထား ချုပ်ထားပြီး အများအားဖြင့် ညအိပ်ရာ ဝင်ချိန်၊ ဘုရားဝတ်ပြုချိန် စသည့်အာရုံလွှဲပြောင်းလွယ်နိုင်ချိန် တို့တွင် ထိုအဆင်သင့်ပြင်ဆင်ထား သည့် ပုံစံတူအင်္ကျီအသစ်ဖြင့် ညစ်နေသည့်အင်္ကျီဟောင်းကို မြန်မြန်လဲပေး၍ရနိုင်တတ်ပါသည်။  ရိုးရှင်းပြီး ချောင်ချောင်ချိချိ ဝတ်ရလွယ်ကူသည့် အင်္ကျီမျိုးမှာ ပိုအဆင်ပြေ၏။ “လမ်းလျှောက် ထွက်ကြမယ်”၊ “ဧည့်သည်လာစရာရှိတယ်”၊ “ဒီနေ့ နေ့ကြီး ရက်ကြီး၊ ဝါဆိုလပြည့်နေ့၊ ခရစ်စမတ် နေ့” စသည်ဖြင့် သူတို့နှင့် သင့်မြတ်ဆီလျော်သော အကြောင်းပြချက် တစ်ခုခုပေးခြင်းဖြင့်လည်း အဝတ်အစားလဲခြင်း ရေချိုခြင်း တို့ကို ပြုလုပ် ရသွားနိုင်သည်။ ဒီမင်းရှားရောဂါအဆင့်၊ သူတို့ စိတ်ကောင်းဝင်နေချိန်၊ နားလည်နိုင်သည့် အခိုက်အတန့် တို့ကို စောင့်ကြည့်အသုံးချတတ်ရန် အထူး လိုအပ်သည်။

မိဖနှင့်သားသမီး ဆက်ဆံရေးအနေဖြင့် တခါတရံတွင် သူတို့မှာပြောဆိုနိုင်စွမ်း ရှိနေသေး သည်ကို ဆုပ်ကိုင်ထားချင်သည့်သဘောအနေဖြင့်လည်း သူတို့ မလုပ်ချင်သည့် အင်္ကျီလဲခြင်းကို ငြင်းဆန်ခြင်းလည်း ဖြစ်နိုင်ပါသည်။ တစ်ချို့မှာ သူတို့ အသက်ကြီးသွားပြီဖြစ်၍ သားသမီးများက လုပ်ချင်သလိုလုပ်လာကြသည်ဟုပင် နှုတ်မှပြောလာကြသည်ကိုလည်းကြုံရတတ်ပါသည်။ ထိုအခါ မျိုးတွင် သူတို့လိုချင်သည့် မိဖအရာတွင်ထားရှိမှု၊ ရိုသေလေးစာမှု၊ ချစ်ခင်မြတ်နိုးမှုတို့ကို ပြုစု စောင့်ရှောက်မှုပေးနေကြသူ သားသမီးများအနေဖြင့် လိမ္မာပါးနပ်စွာ ပြုမူဆောင်ရွက်ပြသကြရန် လိုသည်။ သူတို့၏ ခံစားချက်ကိုနားလည်ပေးပြီး၊ လေးစားဂရုပြုကြောင်းပြရပါမည်။ အပြစ် မတင် မိရန် အပေါ်စီးမှမဆက်ဆံမိရန် သတိထားရပါမည်။ ဒီမင်းရှားကြောင့် သိမှတ်ဉာဏ်အားနည်းသွား ကြသော်လည်း သူတို့ကို မည်သူက ကြင်နာယုယစွာ ပြောဆိုဆက်ဆံသည်၊ ကြမ်းတမ်း ရိုင်းပျစွာ ပြုမူသည် စသည်တို့အား ခံစားသိနိုင်သည့် နှလုံးသား ရှိသေးသည်ကိုကား သတိပြုကြရမည် ဖြစ်ပါ သည်။ မည်သည့်ကိစ္စတွင်မဆို အတင်းအကျပ်လုပ်ခြင်းကိုမူ ရှောင်ကြရမည်။ မလွဲမရှောင်သာ သဖြင့် လုပ်မိသွားရသည့်အခါများတွင်လည်း ပြန်လည်ခွင့်လွတ်တောင်းပန်သည့် အပြုအမူမျိုးကို ဖော်ပြကြရပါမည်။

တချို့မှာ ချော့မော့ပြောဆိုမရသည့်အခါ မိသားစုတွင် လေးစားကြရသည့် အရှိန်ဩဇာရှိ သည့် သူနှင့် ခြိမ်းခြောက်ပြောဆို၍ အဆင်ပြေအောင် ကြိုးစားကြသည်ကိုလည်း တွေ့ရသည်။ ထိုသို့အရှိန်ဩဇာရှိသူနှင့် ခြိမ်းခြောက်ပြီး ပြောဆိုခြင်းသည် မတတ်သာ၍ နောက်ဆုံးထွက်ပေါက် နည်းလမ်းအဖြစ်သာ သုံးလိုက်ရသောယာယီဖြေရှင်းချက်မျိုးသာ ဖြစ်သင့်ပေသည်။ သို့သော်လည်း ဒီမင်းရှား ဝေဒနာရှင်များအတွက် ရေရှည်တွင် စိတ်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။ ခြိမ်းခြောက်မှု အကြောက်တရား သုံးကာ မိမိတို့ လိုလား ဖြစ်စေချင်သည်ကို ရယူမည့်အစား၊ သူတို့ ကို ပိုမိုနူးညံ့သိမ်မွေ့သည့် နည်းလမ်းဖြစ်သော၊ ချစ်ခြင်းမေတ္တာ စေတနာ အခြေခံသော၊ ဂုဏ်သိက္ခာ (Dignity) ကိုထိန်းသိမ်းပြီး စိတ်ချမ်းသာဆုံး ဖြစ်စေမည့် ညှိနှိုင်းဆွဲဆောင်မှုမျိုး၊” ရေချိုး လိုက်ရင် လန်းသွားမှာ၊ ပိုပြီးနေလို့ကောင်းသွားမှာ” စသည်ဖြင့်တောင်းဆိုအကြံပြုသောပုံစံမျိုးဖြင့် အစားထိုး ပြောဆို ကြည့်ရန် အကြံပြုလိုပါသည်။

မည်သည့်အတွက်ကြောင့် ရေမချိုးချင်သည် ရေချိုးရန်ငြင်းနေသည်ကို သိအောင်လည်း လုပ်ကြရမည်။ သူတို့၏ ရေချိုးတတ်သည့်ပုံစံ အလေ့အကျင့်ကိုလည်း သိရန်လိုသည်။ ဥပမာ… ရေချိုးတတ်သည့်အချိန် (မနက်စောစော၊ နေ့လည်၊ ညနေ)၊ ရေအပူချိန် (ရေအေး၊ ရေနွေး)၊ ရေချိုး တတ်ပုံ (ရေခွက်ဖြင့်ခပ်ချိုးခြင်း၊ ရေပန်းသုံးခြင်း၊ ရေချိုးစည်ပိုင်း bathtub နှင့်ချိုးခြင်း)၊ ကြိုက်နှစ် သက် သုံးတတ်သည့် ရေချိုးဆပ်ပြာ ခေါင်းချော်ရည် အမျိုးအစား၊ အမွှေးရနံ့၊ ရေချိုးခန်းအနေ အထား၊ လုံခြုံမှု၊ ပတ်ဝန်းကျင် အလင်းအမှောင် စသည်တို့ကို ကြိုပြီးသိထားပါက သူတို့ရေချိုး နေကြ ပုံစံမျိုးကို အနီးစပ်ဆုံး လုပ်ပေးနိုင်မည်ဖြစ်သဖြင့် ရေချိုးခြင်းကိစ္စကို လွယ်ကူချောမွေ့​စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ကိုယ်တုံးလုံးဖြင့် ရေချိုးရန် စိုးရိမ်ရှက်ရွံ့မှု ဖြစ်နေပါက ထမီရင်လျား ဖြင့်ချိုးခြင်း၊ အတွင်းခံဘောင်းဘီဖြင့် ချိုးခြင်းတို့ကို ပြုနိုင်သည်။ အရေးကြီးသည်မှာ ရေချိုးစဉ် မြင်ရမလွယ်နိုင်သည့်နေရာများအတွက် တကိုယ်ရေသန့်ရှင်းမှု ကောင်းစွာပြုလုပ်နိုင်လိုက်ရန် ဖြစ် သည်။ ယခင်က ရေချိုးခန်းတွင် ချော်လဲခဲ့ဘူးခဲ့လျှင် ထပ်ပြီးချော်လဲမည်ကို ကြောက်နေသဖြင့် ရေချိုးခန်းထဲဝင်ရန် ရေချိုးရန် ငြင်းတတ်သည်ကိုလည်းတွေ့ရတတ်သည်။ သို့အတွက် ချော်လဲမည့် အန္တရာယ်မှကာကွယ်ရန် ရေချိုးသည့်နေရာတွင် လက်ကိုင်တန်းများ၊  ကြမ်းခင်းကို မချော်နိုင်သည့် ကြွေပြားခင်းခြင်း၊ မချော်နိုင်သည့်ဖျာ (non-slip mat) များကို အသုံးပြုရန်နှင့် လုံလောက်သော အလင်းရောင်ရရန်လုပ်ထားခြင်းတို့ လိုအပ်သည်။ မတ်တပ်ရပ်ရေချိုးရန် အခက်အခဲရှိသူများ အတွက် ရေချိုးထိုင်ခုံပေါ် တွင်ထိုင်လျက် သက်တောင့်သက်သာစွာ ရေချိုးပေးနိုင်ပေသည်။ အဆင်မပြေလျှင် ရေချိုးခြင်း နှင့် ခေါင်းလျှော်ခြင်းကို သီးခြား တစ်ရက်စီလုပ်နိုင်သည်။ ရေချိုး ပြီးသွားလျှင် ကျေးဇူးတင် အသိအမှတ်ပြုပြောဆိုခြင်း၊ အမူအရာပြခြင်း တို့ပြုလုပ်ပေးရပါမည်။

ပုံမှန် ရေချိုးပေးရန် အခက်အခဲမရှိသည့် အဘိုးအဘွားများအနေဖြင့် ထိုနေ့တွင်မှ ထူးထူး ခြားခြား ရေချိုးရန်ငြင်းနေပါက နေထိုင်မကောင်း၍လား၊ ကိုယ်လက်နာကျင်ကိုက်ခဲ နေ၍လား စသည်ဖြင့် စဉ်းစား မေးမြန်းရမည်။ တခါတရံ ရာသီဥတုအေးသဖြင့် ရေမချိုးချင်ခြင်းလည်း ဖြစ် တတ်သည်။ သူတို့ကို ရေချိုးပေးမည့်သူကို မကြိုက်၍လည်းကောင်း၊ အရေပြားပြဿနာရှိနေ၍ လည်းကောင်း၊ အနာဆေးထည့်ထားသည်ကို ရေစိုသွားမည်စိုးရိမ်၍လည်းကောင်း၊ မျက်နှာစိမ်း တစ်ယောက်နှင့် အတူတူ ရေချိုးရမည်ကို ရှက်ရွံ့နေခြင်းကြောင့်လည်းကောင်း ဖြစ်နေတတ်သေး သည်။ အဖေ ကို သားက ရေချိုးပေးခြင်း၊ အမေ ကို သမီးက ရေချိုးပေးခြင်း စသည့် ကျား-ကျား ချင်း၊ မ-မချင်း ရေချိုးပေးခြင်းက ပိုပြီးအဆင်ပြေတတ်ကြသည်။ ဤအချက်မှာ ဦးနှောက်၏ရှေ့ ပိုင်း နဖူးဖက်ဖုလုံးကိုအဓိက ထိခိုက်သည့် ဒီမင်းရှား (Frontal lobe dementia) ဖြစ်သူများ၏၊ လူမှုဆက်ဆံရေးနှင့် လိင်ပိုင်းဆိုင်ရာ ကိုယ်ကျင့်စောင့်ထိန်းနိုင်မှုမရှိတော့ခြင်း (social and sexual disinhibition) လက္ခဏာရှိ သူများအတွက် ပိုအရေးကြီ၏။ ပြုစုစောင့်ရှောက်ကြသူအများစုမှာ အမျိုးသမီးငယ်များဖြစ်ကြသဖြင့် အထက်ပါ အပြုအမူလက္ခဏာရှိသော အမျိုးသားများကို ရေချိုး ရာတွင် အဆင်ပြေစေရန်၊ အကူ ဖြစ်စေရန် နှစ်ယောက်ချင်းရေချိုးပေးရသည့်အနေအထားအစား သုံးယောက်ဖြင့်ရေချိုးပေးသင့်သည်။  လူငယ်နေရာတွင် လူကြီး အစားထိုးပြီး ပြောင်းလဲလုပ်ပေး ခြင်းကိုလည်း စဉ်းစားစီစဉ်နိုင်သည်။  ထိုသို့ သောအကြောင်းများကို မသိထားဘဲ ပြုစုသူ ရေချိုး ပေးရသူ အနေဖြင့် ကြိုတင်ပြင်ဆင်ထားမှု မလုပ်ထားပါက ရေချိုး ပေးရခြင်းအမှုသည် အလွန် ခက်ခဲ အချိန်ပေးရသည့်အလုပ်၊  စိတ်ညစ်ကြ ရသည့်အလုပ်မျိုးဖြစ်သွားတတ်သည်။ သူတို့ကြိုက် သည့် သီချင်းကို ဖွင့်ထားပေးခြင်း၊ သီချင်းဆို ရင်း ရေချိုးပေးခြင်း၊ စိတ်ဝင်စားတတ် ကြိုက်တတ် သည့် ရှေးဟောင်းနောက်ဖြစ် အကြောင်းအရာများကို ပြောဆိုရင်း သီချင်းလေး တကြော်ကြော်၊ စကားလေး တပြောပြောနှင့် ရေချိုးခြင်းအမှုကို ပျော်ပျော်ရွှင်ရွှင် ပြီးမြောက်အောင် လုပ်ဆောင်  နိုင်ပါက အကောင်းဆုံးဖြစ်၏။

            တခါတရံတွင်လည်း သူတို့နှင့် အလျော့အတင်း အပေးအယူကို လိမ္မာပါးနပ်စွာ လုပ်တတ်ဖို့ လိုသည်။ ယေဘုယျအားဖြင့် ဒီမင်းရှားဖြစ်နေသူတို့အတွက် တစ်နေ့တာ လုပ်ကြရမည့် ကိစ္စများကို အချိန်ကျသတ်မှတ်ပေးထားရန် အကြံပြုတတ်ကြပါသည်။ သို့မှသာ စားချိန်၊ နားချိန်၊ ကိုယ်လက် လှုပ်ရှားမှုလုပ်ချိန်၊ ရေချိုးချိန်၊ စသည်ဖြင့် သူ့အချိန်နှင့်သူ ကျင့်သားရနေကြမည်ဖြစ်သည်။ သို့သော် ရေချိုးချိန်တွင် ရေမချိုးချင်သေးသူကို အတင်းအကျပ်ရေချိုးရန်မဟုတ်ပါ။ အခုရေချိုးရန်ငြင်းနေ သည်ကို ရပါတယ်ဟု အလိုက်သင့်ပြောကာ ခဏအကြာတွင် ရေချိုးရန် ပြန်ခေါ်ကြည့်လျှင်လည်း ရသွားတတ်သည်။ သူတို့အတွက်ရွေးချယ်ခွင့်အနည်းငယ်ပေးလိုက်ခြင်းက အဆင်ပြေသွားသည့် သဘောဖြစ်သည်။ ပထမ သူတို့ငြင်းဆိုလိုက်သည်ကို ပြန်မမှတ်မိတော့၍လည်း ဖြစ်တတ်သည်။ ထိုနေ့အတွက်ရေချိုးရန်မဖြစ်နိုင်တော့ပါက ရေပတ်တိုက်ပေးလိုက်ခြင်း၊ ခက်ခဲလွန်းလျှင် ရေမချိုး တော့ဘဲ တစ်ရက်ထားလိုက်ပြီး နောက်နေ့ရွှေ့ပေးလိုက်ခြင်း စသည်ဖြင့်ညှိလုပ်တတ်ရန်လိုသည်။ ရေသုံးရန်မလိုသည့် ခေါင်းလျှော်နိုင်သောပစ္စည်း (Dry Shampoo) မှာ ထိုသို့သောသူများအတွက် သင့်တော် အဆင်ပြေတတ်ပါသည်။

တစ်ဦးတစ်ယောက်က အကူအညီပေးသည်ကို မကြိုက်ခြင်း၊ ငြင်းဆန်ခြင်းပြုတတ်သည့် ဒီမင်းရှား ဝေဒနာရှင်များမှာ တစ်ယောက်တည်းလွတ်လပ်စွာလုပ်ချင်သည့်သဘော၊ ကိုယ်ပိုင် လွတ်လွတ်လပ်လပ် ကိုယ်တိုင်ကိုယ်ကျ လုပ်နိုင်သေးမှုကို ထိန်းသိမ်းချင်သည့်စိတ်၊ ပြသချင်သည့် စိတ်ရှိခြင်းသဘောကို ဖော်ပြသည်။ သူတို့ကိုယ်တိုင် လုပ်နိုင်မည်ထင်လျှင် အကူစောင့်ရှောက်သူ အနေဖြင့် ရေချိုးခန်း ထဲမဝင်ဘဲ ဘေးကင်းစေရန် တံခါးကို ခပ်ဟဟလေး ဖွင့်ထားပြီး အပြင်မှ အနီးကပ် ကြီးကြပ်ကူညီပေးနိုင်သည်။ တံခါးပိတ်ခိုင်းလျှင် အဝေးသို့ထွက်မသွားဘဲ အပြင်က စောင့်နေကာ အသံနားထောင် ပြီး ကြီးကြပ်မှုမျိုး လုပ်ပါ။ ရေချိုးရာမှာ ဆပ်ပြာအနည်းအများကို သူတို့ကိုယ်တိုင် မခန့်မှန်းနိုင်ခြင်း ဖြစ်တတ်ရာ အကူစောင့်ရှောက်သူ အနေဖြင့်သူတို့လက်ထဲသို့ လိုမည့် ဆပ်ပြာရည်ကို ထည့်ပေး ခြင်းလုပ်ပေးနိုင်သည်။ သူတို့ကိုယ်တိုင်လုပ်နိုင်သည်ကို ပေးလုပ် ပြီး အခက်အခဲရှိနိုင်မည့်နေရာတွင် ကူညီပေးသည့်သဘော ဖြစ်ပါသည်။ ကူပေးမည့်အခါ သဘော တူညီချက်ယူသည့်သဘောဖြင့် သူတို့အား ကြိုပြောပြီး (ဥပမာ…နောက်ကျောကို ပွတ်ပေးမယ်နော်) လုပ်ရန်လိုသည်။

            တချို့ ဒီမင်းရှားဖြစ်နေသူများကို ရေချိုးပေးရသည်မှာ အလွန်ခက်ခဲတတ်သည်။ သူတို့ အတွက် သန့်သန့်ရှင်းရှင်းဖြစ်အောင် လန်းဆန်းသွားအောင် ကောင်းစေလိုသည့်စေတနာဖြင့် သူတို့ မလုပ်ချင်သည် မကြိုက်သည်ကို လုပ်ပေးရသည့်အခါ လုပ်သူကို တွန်းဖယ်ခြင်း၊ အော်ငေါက်ခြင်း၊ ဆဲဆိုခြင်း၊ လိမ်ဆွဲခြင်း၊ ကန်ကျောက်ခြင်း၊ လက်သီးဖြင်းထိုးခြင်း စသည်ဖြင့် တုန့်ပြန်ကြခြင်းမျိုး ကြုံရတတ်သည်။ ထိုသို့သောသူများကို ရေချိုးပေးကြရသူများအတွက် အလွန်အခက်အခဲရှိသည်။ တစ်နေ့အလုပ်မဟုတ်ဘဲ ရေရှည်အလုပ်ဖြစ်သဖြင့် စိတ်ညစ်ကြရသည်။ ထိုသို့သောသူများအတွက် ရေချိုးရက်ကို ဖြေလျော့ပေးရန် (နေ့စဉ်မှ တစ်ရက်ခြား သို့မဟုတ် တစ်ပါတ်နှစ်ရက်) စဉ်းစားသင့် သည်။ မဟုတ်ပါက ပြင်ပမှ ပြုစုစောင့်ရှောက်ရမည့်သူ ခေါ်ယူထားခြင်းဖြစ်လျှင် ရေချိုးရခက်ခြင်း စိတ်ဖိစီးမှုကြောင့်မကြာခဏအလုပ်ထွက်သွားကြခြင်းမျိုးနှင့်ကြုံရနိုင်သည်။ သူတို့၏ခက်ခဲစွာ ပြုစု စောင့်ရှောက်ပေးမှုကို နားလည်အသိအမှတ်ပြုသည့်အနေဖြင့် ပုံမှန်လုပ်အားခထက်ပိုပေးခြင်းမျိုး ကိုပြုလုပ်ပေးသင့်သည်။ ဒီမင်းရှားဝေဒနာရှင်များအတွက် လူခဏခဏပြောင်းနေလျှင် သူစိမ်း အသွင်ဖြင့် ရင်းနှီးကျွမ်းဝင်မှုမရှိတော့ခြင်းကြောင့် စိုးရိမ်စိတ်ပိုဖြစ်စေကာ သူတို့ကိုပြုစုစောင့် ရှောက်ကြရာတွင် ပိုပြီးအခက်အခဲဖြစ်ကြရသည်။ နောက်ထပ်စောင့်ရှောက်သူအသစ်ကိုလည်း ထပ်မံငြင်းပယ်ဖို့ အားပေးရာ ရောက်သွားနိုင်ပါသည်။ လက်တွေ့တွင် စိတ်ရှည်ရှည်နှင့် နားလည် ကျွမ်းကျင်စွာ စိတ်ချလက်ချ ပြုစုစောင့်ရှောက်မှုပေးနိုင်သည့်သူတစ်ယောက် ရရန်မှာ လည်း မလွယ်ကူလှပါ။

ဒီမင်းရှားနှင့်အတူ အထူးသဖြင့် စိတ်အားထက်သန်မှု နည်းပါးခြင်း (Apathy)တွဲလျက်ရှိနေ သည့် သူများကို ရေချိုးရာတွင် အစပြုခြင်း (initiation) ပိုင်းတွင် အခက်အခဲရှိတတ်သည်။ ထိုသူတို့ အတွက် “ ရေချိုးခြင်း ကို ရိုးရှင်းသည့်တစ်ဆင့်ပြီးတစ်ဆင့်ခွဲပြီးလုပ်သွားသည့်နည်းလမ်း” အား အကြံပြုလိုပါသည်။ ရေချိုးရန်လိုအပ်မည့် ပစ္စည်းများနှင့် ရေချိုးပြီးလျှင် ဝတ်မည့် အဝတ် များကို အဆင်သင့်ကြိုတင်ပြင်ဆင်ထားပါ။ ပထမဦးစွာ ရေနှင့် ရင်းနှီးစေရန် ဇလုံထဲမှရေကို လက်ဖြင့် အေးလား နွေးလား ပူလား စသည်ဖြင့်စမ်းကြည့်ခိုင်းပါ။ နောက်လက်တစ်ဖက်ဖြင့်လည်း ထိုနည်းတူ စမ်းခိုင်းပါ။ လက်နှစ်ဖက်စလုံး ရေစိုသွားသည့်အခါ တခါတည်း လက်ဆေးလိုက်ကြ ရအောင် ဆိုပြီးလက်ဆေးပေးပါ။ မျက်နှာသစ်ပေးကြည့်ပါ။ ခြေထောက်တွေလည်း သန့်ရှင်းသွား အောင် ဆေးလိုက်ကြတာပေါ့ဟု ပြောကာခြေဆေးပေးပါ။ မိမိကို လက်ခံခြင်းနှင့် ရှေ့ဆက်တိုးရန် ဖြစ်နိုင်ခြေ ရှိမရှိကို လေ့လာပါ။ ရှိလျှင် ခြေတွေလက်တွေလည်းစိုနေပြီ၊ မထူးတော့ပါဘူး၊ တစ်ခါ တည်းရေချိုးလိုက်ကြတာပေါ့ ဟုပြောဆိုရင်းရေချိုးခန်းထဲသို့ခေါ်သွားကာ မြန်မြန်လေး ရေချိုး ပေးလိုက်ပါ။ ရေချိုးခန်းထဲ ဝင်ရောက်ရေချိုးရန် ငြင်းဆန်ပါက ရေမြှုပ် နှင့်ရေပတ်တိုက် ပေးခြင်း (Sponge Bath) လုပ်ပေးခြင်းဖြင့်ကျေနပ်လိုက်ပါ။ ရေနှင့်ရင်းနှီးသွားပြီဖြစ်သဖြင့် ယခုအကြိမ် တွင်မရလျှင်လည်း နောက်တစ်ကြိမ်တွင် ရသွားနိုင်ပါသည်။ သူတို့၏ တစ်ကိုယ်ရေလုံခြုံမှုကို လေးစားမှုရှိခြင်း အပြုအမူမျိုးကို ပြသသည့်အနေဖြင့် ရေမချိုးသေးမည့် ကျန်ခန္ဓာ ကိုယ်အပိုင်းကို ကိုယ်သုတ်ပုဝါနဲ့ ဖုံးထားပေးခြင်း၊ ချိုင်းကြားနှင့် ကိုယ်အောက်ပိုင်း နေရာများကို မျက်နှာလွဲထား ကာ  သတိမမူမိစေဘဲ ခပ်သွက်သွက်သုတ်ပေးခြင်းမျိုး လုပ်တတ်ရန်လည်း လိုအပ်ပါသည်။ ဦးစားပေးစဉ်းစားခြင်း (Prioritization) လုပ်တတ်ရန်လည်း အရေးကြီးပါသည်။ ဖြတ်ထိုးဉာဏ်နှင့် မိမိပြုစုနေသည့်လူနာ၏စိတ်သဘောထားပေါ်တွင်လိမ်မာစွာ  ဉာဏ်လွှာသုံးတတ် ရန်လိုသည်။

ဒီမင်းရှားဝေဒနာရှင်ကို ပြုစောင့်ရှောက်ရခြင်းသည် စိန်ခေါ်မှုများလှသည့် အလုပ်တစ်ခု ဖြစ်ပါသည်။ လိုအပ်ပါက ဆရာဝန် သို့မဟုတ်  ဒီမင်းရှားဝေဒနာရှင် ပြုစုစောင့်ရှောက်ရေး ကျွမ်းကျင်ပုဂ္ဂိုလ်များနှင် ဆွေးနွေးပြီး တစ်ဦးချင်းအလိုက် သင့်တော်ကောင်းမွန်မည့် အကြံဥာဏ် များ ရယူသင့်ပါသည်။ အဓိကအချက်အနေဖြင့် စိတ်ရှည်သည်းခံမှု၊ ပြောင်းလွယ်ပြင်လွယ်ရှိမှု (Flexibility)၊ ထိပ်တိုက်ရင်ဆိုင် အငြင်းပွားခြင်းကို ရှောင်ရှားတတ်မှု၊ သူတို့၏လိုအပ်ချက်ကို နားလည်စွာ ပြုစုပေးမှု (Person-Centered Care) တို့နှင့် ညင်သာစွာ ချဉ်းကပ်ပြီး စောင့်ရှောက် ပေးခြင်းတို့မှာ အရေးကြီးပါသည်။ ထိုသို့ မိမိတို့၏ မေတ္တာ စေတနာ ကြင်နာမှုထား ပြုစုမှု တို့ကြောင့် ဒီမင်းရှား ဝေဒနာရှင်များအနေဖြင့် ပိုပြီး သက်သောင့်သက်သာဖြင့် ဂုဏ်သိက္ခာရှိရှိ စိတ်ပျော်ရွင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြခြင်းကို မြင်တွေ့ရပါက ပြုစုကြရသူများအနေဖြင့် ပင်ပန်း သမျှ ပြေပျောက်ကြရသည်။ ကျေနပ်ပီတိဖြစ်ကာ ပြုစုကြရသည်ကိုပင် ဝန်ထုပ်ဝန်ပိုး တစ်ခုကဲ့သို့ မခံစားရတော့ပဲ ပျော်ရွှင်နှစ်သက်လာတတ်ကြကြောင်း တင်ပြလိုက်ပါသည်။

အားလုံးအဆင်ပြေကာ စိတ်ချမ်းသာမှု ရရှိကြပါစေ။….(ဒေါက်တာသန်းထွန်းအောင်)