(ဒေါက်တာသန်းထွန်းအောင်)
ယခုအခါ ကမ္ဘာနှင့်အဝှမ်း သက်ကြီးဦးရေသည် တိုးများလျက်ရှိ၏။ မြန်မာနိုင်ငံတွင်လည်း ထို့အတူပင်ဖြစ်၏။ ထိုအခါတိုးများလာသည့် သက်ကြီးများအတွက်စိတ်အေးလက်အေးနေနိုင်မည့် နေရာ၊ နာမကျန်းဖြစ်ခဲ့လျှင် လိုအပ်သော ကျန်မာရေးပြုစုစောင့်ရှောက်မှုကို အချိန်မီရရှိ နိုင်သော နေရာ စသည်တို့မှာ လိုအပ်လာသည်။ သက်ကြီးအများစု၏ နောက်ဆုံး ကွန်းခိုရာသည် Nursing Home ဖြစ်လာသည့် နိုင်ငံအများစုတွင် Nursing Home သို့မဟုတ် Home for the Aged များမှ သက်ကြီးရွယ်အိုများ၏ ဖော်ပြပါလိုအပ်ချက်များကို ဖြည့်ဆီးစီစဉ်ပေးကြသည်။
Nursing Home သို့မဟုတ် Home for the Aged ကို မြန်မာဘာသာဖြင့် “ဘိုးဘွား ရိပ်သာ” ဟု ဆီလျော်အောင် ပြန်ဆိုကြသည်။ လက်ရှိမြန်မာနိုင်ငံ၏ “ဘိုးဘွားရိပ်သာ” ဟုပြောဆို နေကြသည့် နေရာများတွင် ကိုယ်တိုင် သွားလာ လှုပ်ရှား စားသောက် လုပ်ကိုင်နိုင်သည့် အဘိုး အဘွား များကိုသာ လက်ခံကြသည်။ နိစ္စဓူဝ ကိစ္စများကို ကိုယ်တိုင်မလုပ်နိုင်သူများ၊ နေ့စဉ် ကျန်းမာရေး ပြုစု စောင့်ရှောက်မှုပေးရန် လိုအပ်သူများကို လက်ခံနိုင်ခြင်း မရှိကြသေးပါ။ Assisted living facilities ပေးဆောင်နေကြသည့် နေရာများသာ ဖြစ်ကြပါသည်။ သို့တိုင်အောင် ဘိုးဘွားဦးရေအနည်းငယ်မျှကိုသာလက်ခံပေးနိုင်သည့်အနေအထားတွင်ရှိပါသည်။ မိမိတို့၏နိုင်ငံရှိ သက်ကြီးများအတွက် ကိုယ့်ကိစ္စကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်သေးသူများ သို့မဟုတ် မိသားစု ကျောထောက်နောက်ခံကောင်း ရှိသူများအတွက် များစွာအခက်အခဲမရှိကြသော်လည်း ကျန်းမာရေး ယိုယွင်းလာမှုနှင့် ဇရာဒဏ်ကြောင့်အကူလိုလာသူ၊ ပြုစု စောင့်ရှောက်မှုလိုအပ်လာသည့် သက်ကြီး များအတွက်လုံခြုံစိတ်ချစွာပြုစုပေးမည့်နေရာမှာအရေးကြီးလာသည်။ ဘဝဆည်းဆာချိန်တွင်ကိုယ် စိတ် ချမ်းသာစွာ နေထိုင်သွားနိုင်မည့်၊ မိမိနှင့်သင့်တော်မည့်၊ “ကွန်းခိုရာ“နေရာကို စဉ်းစားထားရန် လိုအပ်လာသည်။ ကျန်းမာရေးအာမခံထားခြင်းစနစ် နှင့် Nursing Home များမရှိသေးသည့် မိမိ နိုင်ငံအနေအထားတွင် သို့အတွက်ကြိုတင်စဉ်းစားပြင်ဆင်မှုများပြုလုပ်ထားကြရပေမည်။ မိသားစု အတွင်း တစ်ဦးချင်းစီ၏သဘောဆန္ဒများကို ရယူညှိနှိုင်းတိုင်ပင်ကာ ရေရှည်အတွက် အသင့်တော် ဆုံး အဖြေတစ်ခုကို ကြိုတင်ရှာဖွေထားခြင်း က မိသားစုဝင်အားလုံး အတွက် ညီညွတ်ချစ်ခင်စွာ ဆက်လက် ပူးပေါင်းဆောက်ရွက်သွားရန် အထောက်အကူဖြစ်စေပါသည်။
မြန်မာ့ယဉ်ကျေးမှု ရိုးရာအစဉ်အလာအားဖြင့် သက်ကြီးရွယ်အိုအများစုမှာ မိမိတို့ဇာတိ မွေးရပ်မြေ ကိုယ့်အိမ်ကိုယ့်ရာတွင်ခေါင်းချချင်ကြသူများဖြစ်ကြသည်။ယခုအခါထိုဆန္ဒပြည့်ရန်မှာ
များစွာအခက်အခဲရှိလာသည်။ ရှေးရိုးအတိုင်းမိသားစုများတစ်စုတစ်လုံးတည်းအနီးအနားတွင်စုဝေး
နေထိုင်ရန် မဖြစ်နိုင်တော့။ မိသားစုဝင် တစ်ဦးချင်းစီ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ အလုပ် တာဝန်လိုအပ်ချက်များအရ ဇာတိမြေမှခွဲခွာကာ ရပ်ဝေးတွင် သွားရောက်နေထိုင် ကြရသည့်သူ များလာကြသည်။ မိသားစုတွင် လူလွတ်ဟူ၍လည်းမရှိကြတော့၊ လူတိုင်းမှာ ကိုယ့်အလုပ်နှင့်ကိုယ်၊ မအားကြတော့။ ထို့ကြောင့် သက်ကြီးများတစ်ခုခုဖြစ်လျှင် သူတို့ကို အနီးကပ်ပြုစု စောင့်ရှောက် နိုင်မည့် မိသားစုဝင်များ အနီးအနားတွင်မရှိ ဖြစ်လာကြရသည်။ ထို့အတူ သားသမီး မထွန်းကား သည့် သက်ကြီးဇနီးမောင်နှံများ၊ အိမ်ထောင်မပြုဘဲ တစ်ယောက်တည်း နေကြသည့် သက်ကြီးများ၊ အိမ်ထောင်ပျက်စီး ဆုံးပါးသွားသဖြင့် အထီးကျန်ခဲ့သူများ စသူတို့အတွက် အသက်ကြီးလာပြီး လုပ်ကိုင်နိုင်စွမ်းရည် ကျလာသည်နှင့်အမျှ ကွန်းခိုရာ နေရာတစ်ခုကိုမူ စဉ်းစားထားရပေမည်။
အသက်ကြီးလာသော်လည်း လုပ်ကိုင်နိုင်စွမ်းရည်မကျဆင်းစေရန်အတွက် မိမိတို့လုပ်ကိုင် ဆောင်ရွက်နိုင်သေးသည့်အရာမှန်သမျှကို ဆက်လုပ်ကြရန်လိုသည်။ လှုပ်လှုပ်ရှားရှားလုပ်ကိုင်နေပါ မှ လည်း ကျန်းမာနေမည်ဖြစ်သည်။ အမှန်အားဖြင့် သက်ကြီးဘဝတွင် ကျန်းမာရေးကောင်းခြင်းမှာ၊
ငယ်စဉ်ဘဝတွင် ကျန်းမာရေးလိုက်စားခဲ့မှု ပေါ်တွင်လည်း မူတည်သည်။ ကျန်းမာရေးနှင့်ညီညွတ် သည့် ဘဝနေထိုင်မှုပုံစံကိုကျင့်သုံးခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုခြင်း စသည်တို့ကိုလုပ်ရန် အတွက် နောက်ကျသွားပြီဟူ၍မရှိပါ။ အသက်ခြောက်ဆယ်ကျော် သက်ကြီးဘဝရောက်လာချိန်၊ ပင်စင်စားဖြစ်လာချိန်များတွင် ကျန်းမာရေးကို ပို၍ပင် ဂရုစိုက်ကြရမည်။ ကျန်းမာရေး ပုံမှန် စစ်ဆေးမှုများပြုလုပ်ပြီး တွေ့ရှိသည့်ရောဂါများအတွက်လည်း စနစ်တကျကုသမှု ခံယူခြင်း ပြုရန် လိုသည်။ ဤနေရာတွင် ငွေကြေးတတ်နိုင်မှုက စဉ်းစားရမည့်အချက် ဖြစ်လာနိုင်သည်။ နောက်ပိုင်း တွင်လည်း မည်သည့်နေရာတွင်နေထိုင်မည်၊ မည်သူနှင့်နေမည် စသည့်ဆုံးဖြတ်ချက်များ အတွက် ငွေကြေး မတတ်နိုင်ပါက အခက်အခဲရှိလာနိုင်သည်။ သို့အတွက် အိုစာမင်းစာ ကြိုတင် စုဆောင်း ထားရမည့် အပိုင်းသည် အရေးပါလာသည်။လူမှုနေထိုင်မှုစရိတ်ကြီးမားမြင့်တက်လာသည့်ကာလ တွင် ပို၍အရေးကြီးလာသည်။ မိမိတွင်ရှိသည်များကို စောစီးစွာ အမွေခွဲဝေ ပေးလိုက်မိသည့် အတွက် အိုနာချိန်တွင် ဒုက္ခရောက်ကြရသည့် အဘိုးအဘွားများကိုတွေ့ရ၍လည်း စိတ်မကောင်း ခြင်းဖြစ်ရသည်။ “အထုပ်မရှိလျှင် ပြုစုမည့်သူမရှိ၊ လောကမှာ မည်သည့်အရာမှ အလကား မရ၊ ရလျှင်လည်းတစ်ခါ တခဏသာ “စသည့်ပြောစကားများကိုလည်း ကြားနေရသည်။ အခက်အခဲ များစွာ ရှိသော်လည်း သားသမီးများအနေဖြင့် ကျေးဇူးကြီးမားသည့်မိဖများကို မရှိ ရှိကြောင်းပြုကာ အစွမ်းကုန် ကိုယ်ဖိရင်ဖိ ပြုစုစောင့်ရှောက်မှုပြုကာ ကုသိုလ်ယူ ကျေးဇူးဆပ် နေကြသည့်သူများကို တွေ့ရသည့် အခါတွင်လည်း ထိုသူတို့ကို များစွာ ချီးကျူးဂုဏ်ပြုမိပါ၏။ သက်ကြီး ဇနီးမောင်နှံများ အနေဖြင့်လည်း အိုမင်းလာကြသည့်တိုင် တစ်ယောက်ကိုတစ်ယောက် ကြင်နာ ယုယစွာဖြင့် အပြန် အလှန်အမှီသဟဲပြုနေထိုင်ကြသူများ၊ချစ်ခင်လေးစားစရာကောင်းသည့်အဘိုးအဘွားများကို အိမ်နီး ချင်းများ၊ ပတ်ဝန်းကျင်လူမှုအဖွဲ့အစည်များမှဝိုင်းဝန်းကူညီထောက်ပံ့ထား ကြခြင်းများ စသည်တို့ကို တွေ့ရသည့်အခါတွင်လည်း လေးစားပီတိဖြစ်ရပါ၏။ မည်သို့ပင်ဖြစ်စေ ငွေကြေး ပြေလည်မှုရှိခြင်း၊ တတ်နိုင်ခြင်းသည် ပြုစုသူနှင့် ပြုစုခံရသူ နှစ်ဦးစလုံး အတွက် စိတ်ပင်ပန်း ဖိစီးမှုနည်းကာ ထိုက်တန်သောစိတ်ချမ်းသာမှုကို ဖြည့်စွမ်းပေးနိုင်စေခြင်းကား အမှန်တရား ဖြစ်ပါသည်။
သို့အတွက်ကြောင့် မိမိ စီးပွားရှာနိုင်ချိန်တွင် ချွေတာစုဆောင်းကြရမည်။ “ရှိသည့်အခါ တန်ဆာ၊ မရှိသည့်အခါဝမ်းစာ” ဆိုသည့်မူကိုကျင့်သုံးသင့်သည်။ အသက်ကြီး၍ မလုပ်ကိုင်နိုင် တော့သည့်အချိန်အတွက် ဘဏ္ဍာရေးဆိုင်ရာစီမံချက်အနေဖြင့် ပုံမှန်ဝင်ငွေရနိုင်မည့် လုပ်ငန်း များတွင် အစုရှယ်ယာထည့်ဝင်ခြင်း၊ နိုင်ရာ အိမ်ခြံမြေ များဝယ်ထားပြီး အငှားချထား ခြင်းများ စသည်တို့ကို ကြိုတင်စဉ်းစားပြီး အရင်းအနှီး မြုပ်နှံထားနိုင်သည်။ မိမိတို့နိုင်ငံ အနေဖြင့် စီးပွားမလုပ်တတ်သူများမှာ ဝင်ငွေ ရှိနေစဉ်ကာလအတွင်း ဘဏ်တွင် ငွေကြေးရင်းနှီးမြှုပ်နှံမှု တစ်ရပ်အနေဖြင့် အနာဂတ်အတွက် ဘဏ်တိုးမှ ဝင်ငွေရရှိစေရန် စုဆောင်းထားနိုင်သည်။ ငွေစု ဘဏ်စာအုပ်ကိုလည်း မိမိယုံကြည်စိတ်ချရမည့်သူတစ်ဦးနှင့်တွဲဖက်လျက် ပူးတွဲဖွင့်ထားသင့်သည်။ အသက်အာမခံ ၊ ကျန်းမာ ရေးအာမခံ နှင့် နာတာရှည်ရောဂါအတွက် အထူးအာမခံများ ရှိလျှင် လူလတ်ပိုင်းအရွယ်တွင် ဝယ်ထားသင့်ပါသည်။
သက်ကြီးဘဝကို အောင်မြင်စွာရင်ဆိုင်ကျော်ဖြတ်နိုင်ရန်အတွက် မိမိကိုယ်မိမိစိတ်ပိုင်း ဆိုင် ရာအားဖြင့် ပြင်ဆင်ထားရန်လည်းလိုအပ်သည်။ အများက လေးစားချစ်ခင်သူ တစ်ဦးဖြစ်ရန် ကြိုး စားရမည်။ အထူးသဖြင့်မိမိ၏ သားသမီးမြေးမြစ်များ၊ နီးစပ်ရာဆွေမျိုးများ၏ချစ်ခင်မှုရရန် လိုအပ် သကဲ့သို့ မိမိလက်ရှိနေထိုင်ရာပတ်ဝန်းကျင်နှင့်လည်းသင့်မြတ်သူ၊ ဆက်ဆံရေးကောင်းသူ ဖြစ်ရန် လိုသည်။ စိတ်ကောင်းထားခြင်း၊ သည်းခံခြင်း၊ နားလည်ခွင့်လွှတ်တတ်ခြင်း၊ ထိုက်သင့်သော ပေး ကမ်းမျှဝေခြင်း၊ သာရေးနာရေးကိစ္စများတွင် တတ်နိုင်သည့်ဘက်မှကူညီပေးခြင်း စသည်တို့သည် မိမိနေထိုင်ရာဝန်းကျင်နှင့် သဟဇာတဖြစ်ရန်များစွာအထောက်အကူပြုသည်။ မိမိကောင်းစွာ သွား လာနိုင်သေးသည့်အချိန်၊ သိမှတ်ဉာဏ်ကောင်းနေသေးသည့်အချိန်တွင်ကြိုလုပ်ထားသင့်သည့်တချို့ ကိစ္စများကို လုပ်ထားရမည်။ မိသားစုပိုင်ဆိုင်မှုများကို ဥပဒေကြောင်းအရ ရှင်းလင်းစွာစီစဉ် ထားရ မည်။ မိမိကိုယ်တိုင် စီမံဆုံးဖြတ်ပေးနိုင်စွမ်းမရှိသည့်အခြေအနေတွင် မိမိကိုယ်စား ဆုံးဖြတ်လုပ် ဆောင်ပေးမည့်သူကိုကြိုတင်ရွေးချယ်အသိပေးထားသင့်သည်။ လက်ရှိနေထိုင်သည့်နေရာဝန်းကျင် သည် မိမိအသက်ကြီးလာသည့်အခါဆက်လက်နေထိုင်ရန် မသင့်တော်ပါက ပိုမိုသင့်တော် ကောင်း မွန်မည့် နေရာသို့ ရွေ့ပြောင်းနေထိုင်ရန်စီစဉ်ရမည်။ မိမိအတွက် ဆက်လက်ထိန်းသိမ်း တာဝန်ယူ နေထိုင်ရန် အခက်အခဲရှိသည့်အရာများကို လျော့ချလိုက်ရန်လည်း လိုသည်။ အိမ်ကြီး ခြံကျယ်မှ အိမ်ငယ်သို့ ပြောင်းနေသင့်သည်။ ဓာတ်လှေကားမရှိသည့် အဆောက်အဦမှ ဓာတ်လှေကား ရှိသည့် အဆောက်အဦသို့ ပြောင်းရွေ့ခြင်း၊ အထက်အမြင့်မှ မြေညီထပ်သို့ ပြောင်းရွေ့ နေထိုင်ခြင်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာများကို လက်တွန်းလှည်း အသုံးပြုနိုင်စေရန် လုပ်ထားခြင်း၊ ဗိုလ်ထိုင်အိမ်သာ စနစ်နှင့် ထိုင်ထလွယ်ကူစေရန် လက်ကိုင်တန်းများတပ်ဆင်ခြင်း စသည့် သက်ကြီးသူများနေထိုင်ရန် သင့်တော်သော ပုံစံတို့ကို ကြိုတင် စီစဉ်လုပ်ဆောင် ထားရန် လိုသည်။ မိတ်ဆွေများနှင့် ပုံမှန်ဆက်သွယ် သွားလာနေခြင်း၊ မိမိနှင့် လိုက်လျောညီထွေဖြစ်မည့် ဘာသာရေး လူမှုရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပါဝင်ဆောင်ရွက်ခြင်း စသည်တို့မှာလည်း ကောင်းမွန်သည့် စီမံလုပ်ဆောင်ခြင်းမျိုးဖြစ်သည်။ မိမိ နေထိုင်ရာ ဝန်းကျင်တွင် မိသားစု ဆရာဝန် တစ်ယောက်ကို ရွေးချယ်ထားသင့်ပြီး အိမ်တိုင်ရာရောက် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပေးနိုင် သည့် အဖွဲ့များ၏ ဆက်သွယ်ရန်နံပါတ် လိပ်စာများကို ရယူထားသင့်သည်။ အရည်အချင်း ပြည့်မီ ကောင်းမွန်စိတ်ချရသည့် Nursing Home များကိုလည်း အခွင့်သာလျှင် ကြိုတင်လေ့လာ သွားကြည့်ထားသင့်သည်။ မည်သည့်ဘာသာမဆို ဘာသာရေး၏ အဆုံးအမများနှင့်အညီ ကျင့်သုံး နေထိုင်ခြင်းသည် ငြိမ်းအေးချမ်းသာမှုကိုဆောင်ကြဉ်းပေးသည်ဖြစ်ရာ ဘာသာရေးအလုပ်ကိုလည်း ပိုမို လုပ်ဆောင်သင့်ပေသည်။
မိမိအတွက် “အသက်ကြီးလာ ကွန်းခိုရာ” ကို ကြိုတင်မှန်းဆရန် ခက်ခဲကောင်းခက်ခဲနိုင်ပါ သည်။ အထက်တွင်ဖော်ပြခဲ့သည့် ကြိုတင်စီမံထားရန် အကြံပြုချက်အများစုမှာ ကိုယ့်အိမ်ကိုယ့်ရာ အနေဖြင့်မျှော်လင့်မှန်းဆထားမှုတွင်အခြေခံထားပါသည်။မိမိ၏နောက်ဆုံးကွန်းခိုရာသည်သားသမီး များ၏အိမ်လည်းဖြစ်နိုင်သည်။ နောက်အသစ်ပေါ်လာကြသည့် Nursing home လည်း ဖြစ်သွား နိုင်သည်။ မိမိအနေအထားအရ ရှိသမျှထုခွဲရောင်းချပြီး ရသည့်ငွေနှင့် အခြေအနေပေးသည့် နေရာ တွင်နေရမည့်ပုံစံလည်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ မိမိအနေဖြင့်အဖက်ဖက်မှစဉ်းစား ကြိုတင် စီမံထားခြင်းဖြင့် ရတက်မအေးဖြစ်စရာကိစ္စကြီးငယ် လျော့နည်းသွားကာ မိမိ၏ဘဝ ဆည်းဆာ ချိန်ကို စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း တင်ပြလိုက်ပါသည်။
မှတ်ချက်။ ယခုဆောင်းပါးကို Myanmar Society of Geriatric Medicine (MSGM) Bulletin
Volume 1, Issue 1 တွင် ဖော်ပြခဲ့ပါသည်။
(ဒေါက်တာသန်းထွန်းအောင်)





