ဒီမင်းရှားဝေဒနာရှင်များ၏ လျှောက်သွားခြင်း (Wandering)အပြုအမူ

ဒီမင်းရှားဝေဒနာရှင်များ၏လျှောက်သွားခြင်း (Wandering) အပြုအမူဆိုသည်မှာ ဒီမင်းရှား ရှိသူသည် ငြိမ်ငြိမ်အေးဆေးစွာမနေနိုင်ဘဲ လျှောက်သွားနေခြင်းဖြစ်သည်။ မိမိအိမ်ထဲတွင်ခေါက်တုံ့ ခေါက်ပြန်သွားလာနေခြင်းမျိုးဖြစ်နိုင်သကဲ့သို့ အိမ်ပြင်ထွက်သွားကာလျှောက်သွားနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ အိမ်မှထွက်သွားကာ ခြေဦးတည့်ရာလျှောက်သွားနေပြီးနောက် အိမ်မပြန်တတ်တော့ဘဲ လမ်းပျောက်နေခြင်းလည်းဖြစ်တတ်သည်။ ဒီမင်းရှားဝေဒနာရှင်များ ထိုသို့ လျှောက်သွားနေခြင်း (Wandering) အပြုအမူဖြစ်လာသည့်အခါ ပြုစုစောင့်ရှောက်မှုပေးနေကြသူများ မိသားစုဝင်များ အနေဖြင့် စိတ်ဖိစီးမှုခံစားလာရတတ်သည်။ ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲတွေ့ကြရသည်။

            ဒီမင်းရှားဝေဒနာရှင်များ၏ ဆယ်ယောက်တွင်ခြောက်ယောက်၌ ထိုသို့လျှောက်သွားခြင်း (Wandering) အပြုအမူကိုတွေ့ရသည်။ မိမိတို့နေအိမ်ရပ်ကွက်ထဲတွင်နေသူများထက် အများနှင့် စုပေါင်းနေထိုင်ကြရသည့်ဘိုးဘွားရိပ်သာများနေသူများတွင် ပိုတွေ့ရသည်။ Wandering ဖြစ်ရ ခြင်းအကြောင်းရင်းကိုအတိအကျ မပြောနိုင်သော်လည်း ဒီမင်းရှားရောဂါသည် ဦးနှောက်ဆဲလ်များ တဖြည်းဖြည်း ပျက်စီးလာခြင်း ဖြစ်သဖြင့် နောက်ပိုင်းတွင် ဝေဒနာရှင်၏အပြုအမူများပါ ပြောင်းလဲ လာကြရသည်ဟု ယူဆကြသည်။ ဦးနှောက်ထဲရှိ GPS ကဲ့သို့သောလမ်းကြောင်းမှတ်သားသည့် အပိုင်း Cognitive Mapping ပျက်စီး သွားသည့်အခါ မိမိ လက်ရှိရောက်နေသည့်နေရာကိုပင် သိရှိမှတ်မိနိုင်စွမ်း မရှိတော့ပါ။ ထိုအခါ မိမိအိမ်မှာနေရင်းနှင့် “ အိမ်ပြန်မယ်” ဟု ပြောလာခြင်းမျိုး ဖြစ်လာတော့သည်။ နေရာပတ်ဝန်းကျင်၊ အချိန်ကာလတို့နှင့် ပတ်သက်ပြီး စိတ်ထဲတွင်ရှုပ်ထွေးကာ မိမိယခင်က နေခဲ့သည့် နေရာများသို့ စိတ်ရောက်နေခြင်း (reliving in the past) ဖြစ်တတ်သည်။ တခါတရံ သူတို့၏လိုအပ်ချက် များကို ပြည့်ဝစွာ မဖြည့်ဆည်းပေးနိုင်ခြင်း (Unmet Needs) ကြောင့် သူတို့၏ဆန္ဒလိုအင်ကို အပြုအမူ အားဖြင့် ပြသခြင်းမျိုးလည်းရှိသည်။ ဥပမာ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ ဆီးသွားချင်ခြင်း၊ ခြေ လက် ညောင်းညာ ခြင်း စသည်တို့ဖြစ်လာသည့်အခါ မိမိအခြေအနေကို စကားနှင့်မဖော်ပြနိုင်တတ်သဖြင့် လမ်းလျှောက်သွားခြင်းဖြင့် ထွက်ပေါက်ရှာခြင်းမျိုးပြုလာတတ်သည်။ မိမိရောက်ရှိ နေထိုင်ရသည့် ပတ်ဝန်းကျင်တွင် ငြီးငွေ့ပျင်းရိလာခြင်း၊ အထီးကျန်နေသည်ဟုခံစားနေရခြင်း၊ အဖော်မရှိသည့် ပတ်ဝန်းကျင်အသစ်ကို ရောက်နေသကဲ့သို့ ခံစားနေရခြင်း၊ မိမိပုံမှန်လုပ်နေကျ ပုံစံများပျက်သွားခြင်း (loss of a regular routine)၊ ကြောက်ရွံ့စိုးရိမ်စိတ် (Anxiety and Fear) ဖြစ်နေခြင်း စသည်တို့ ဖြစ်လာသည့် အခါ ပတ်ဝန်းကျင်အသစ် သို့မဟုတ် သူ့အတွက်လုံခြုံသည့်နေရာကိုရှာရန် အပြင်ထွက်သွားလိုခြင်း ဖြစ်လာကြသည်။

            Wandering အပြုအမူသည် ဒီမင်းရှားရောဂါဆိုးဝါးမှု အလယ်အလတ်အဆင့် (moderate stage) တွင်ပိုတွေ့ရသည်။ ဒီမင်းရှားအမျိုးအစားနှင့်ပတ်သက်ပြီးပြောရလျှင် အယ်လဇိုင်းမား ဒီမင်းရှား (Alzhermer’s Dementia) တွင်ပိုအဖြစ်များသည်။ ညဖက်အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျခြင်း နှင့် စိတ်ရောဂါ (psychosis) တို့ တွဲဖက်ပါလာသည့်အခါတွင် ပိုပြီးဖြစ်တတ်သည်။ ထိုအခါ ရည်ရွယ်ချက်မဲ့ လျှောက်သွားနေခြင်း (aimless walking)၊ တစ်ဦးတစ်ယောက်၏ နောက်သို့ တကောက်ကောက် လိုက်နေ ခြင်း (Shadowing) ၊ အပြင်သို့ထွက်နိုင်မည့်ထွက်ပေါက်ကို အစဉ် တစိုက် လိုက်ရှာနေခြင်းစသည့် အပြုအမူ မျိုးလုပ်လာတတ်ကြသည်။ ဒီမင်းရှားဝေဒနာရှင် တချို့မှာ ညနေဖက်ရောက်လာလျှင်တွေ့ရတတ်သည့် ဂနာမငြိမ် ဖြစ်လာသည့်အပြုအမူ (sundowning behavior) ကိုမူ သီးခြားဆောင်းပါးဖြင့်ရေးသား တင်ပြ ခဲ့ပြီးဖြစ်ပါသည်။ အထူးသဖြင့် ဝေဒနာရှင် သည် အိမ်အပြင်ထွက်ရန် အမြဲကြိုးစားနေကာ ထွက်ပေါက် တွေ့ရှိသွားသဖြင့် Wandering လုပ်နေပြီး လမ်းပျောက်ကာ အိမ်ပြန်မလာတတ်တော့သည့်အဖြစ်သည် အန္တရာယ် များပါသည်။ မိသားစု အနေဖြင့် လူပျောက် လိုက်ရှာကြရသည့် အနေအထားမျိုးဖြစ်ကာ များစွာစိတ်ပူပင် သောက ဖြစ်ကြရပါသည်။ ဆေးပညာ တွေ့ရှိချက်များအရ အိမ်ပြန်မရောက်လာသဖြင့် လူပျောက်တိုင်ရသည်အထိ လျောက်သွားနေခြင်း (Critical wandering or Missing incidents) ဖြစ်သူ များ၏ သေနှုန်း (mortality) သည် ၂၀% ထိရှိပါသည်။

            ထို့ကြောင့်ဒီမင်းရှားဝေဒနာရှင်ကို အိမ်မှာတစ်ယောက်တည်း မထားသင့်ပါ။ စောင့်ကြည့် ပေးရန် အဖော်တစ်ယောက် အမြဲရှိသင့်သည်။ လူလွတ်မရှိသည့် လူတိုင်းအလုပ်လုပ်နေကြရသည့် မိသားစုများ ဖြစ်ပါက လူနာရှင်ကို ကြည့်ရှုစောင့်ရှောက်ရန်တစ်ဦးဦးရရှိရန်စီစဉ်ရမည်။ ညှိနှိုင်း ရပါက အိမ်နီး နားချင်းများကိုသော်လည်းကောင်း၊ ဆွေမျိုးသားချင်းထဲမှတစ်ယောက်ယောက်ကို သော်လည်းကောင်း ခဏလာစောင့်ပေးရန် အကူအညီတောင်းကြည့်ပါ။ ဒီမင်းရှားဝေဒနာရှင်များအတွက် နေ့ပိုင်းစောင့်ရှောက် ရေး စင်တာ Day Care Center ရှိလျှင် မိသားစုများအနေဖြင့် အလုပ်မသွားမီ မနက်တွင် စင်တာသို့ပို့ခဲ့ပြီး၊ အလုပ်မှအပြန် ညနေတွင်ဝင်ကြိုသည့်ပုံစံဖြင့် ကြိုးစားကြည့် နိုင်ပါသည်။ အိမ်မှနေ အပြင်ထွက်သွားပြီး လမ်းပျောက်နေခြင်းမဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်မည့်နည်းများကိုလည်း စဉ်းစားလုပ်ဆောင်ထား ရပါမည်။

            အိမ်ထွက်ဝတံခါးကို အလွယ်တကူမတွေ့မြင်နိုင်စေရန် လိုက်ကာဖြင့် ကွယ်ထားနိုင်သည်။ သူထိုင်ရန်အတွက် တံခါးကို ကျောပေးထားသည့်နေရာကိုရွေးချယ်ပါ။ တံခါးနှင့်မျက်နှာချင်းဆိုင် မဖြစ်ပါစေနှင့်။ တံခါးကိုနံရံအရောင်နှင့်ဆင်တူအောင် ဆေးသုတ်ထားနိုင်သည်။ တံခါးလက်ကိုင်ကို ထင်ရှားစွာမမြင်နိုင်သည့်အမြင့်မှာတပ်ခြင်း၊ သော့ခလောက်ကိုအောက်ဘက်အနိမ့်ပိုင်းမှာထားခြင်း၊ တံခါးသော့ကိုပြောင်းလဲထားခြင်း၊ ဖွင့်ရမလွယ်သည့် သော့နှစ်ထပ် (double lock) ကို သုံးခြင်း စသည်ဖြင့် မိမိတို့အိမ်အနေအထား နှင့်အဆင်ပြေမည့် အရာကိုလုပ်ထားပါ။ တံခါးမှန်း မသိနိုင်စေရန် တံခါးမျက်နှာပြင် ကို ရှုခင်းကားအကြီးကြီး သို့မဟုတ် ဗီနိုင်း ကြော်ငြာ ပိုစတာအကြီး ကပ်ထားပါ။ တံခါးလက်ကိုင်ကို အဝတ်နှင့် စည်းထားခြင်းဖြင့် တံခါးကို ဖွင့်ရမည့်လက်ကိုင်မှန်း မသိစေရန်လည်း လုပ်ထားနိုင်ပါသည်။ အိမ်တွင်ရှိသည့် ဘီးတပ်အဝတ်လှန်း ထားသည့်စင် နှင့်လည်း တံခါးပေါက်ကို အလွယ်တကူ ကွယ်ထား နိုင်ပါသည်။ အများအားဖြင့် “ ထွက်ပေါက်” ကို မမြင်လျှင် ထွက်ရန်စိတ်ကူးမရတော့ပါ။ တံခါးဖွင့်သည်နှင့် အသံမြည်စေရန် Door alarm sensor ကို တပ်ထားနိုင်သည်။ လွယ်သည့် နည်းတစ်ခုမှာ တွဲလောင်း ကျနေသည့် ကြေးချောင်းငယ်လေးများ၊ ခေါင်းလောင်းငယ်များကို တံခါးနှင့် ချိတ်ဆက်ထား ခြင်းဖြင့် လည်း တံခါးဖွင့်လျှင်အသံကြားရမည်ဖြစ်သည်။ တံခါးကိုအပြင်ဖက်မှ သော့ခတ်ထားသည့်နည်းကိုလည်း သုံးနိုင် ပါသည်။ လွယ်လွယ်နှင့် ထွက်ရန်မဖြစ်နိုင်တော့ခြင်းသည် အပြင်ထွက်ချင်စိတ်ကို တဖြည်းဖြည်း လျော့ကျ သွားစေပါသည်။

            သော့ကိုဝှက်ထားခြင်း၊ နေရာပြောင်းထားခြင်း၊ သော့လဲထားခြင်း တို့ကြောင့် သော့ကိုရှာ မတွေ့ ခြင်း သော့ဖွင့်မရခြင်းတို့ကြောင့် စိတ်တိုဒေါသထွက်လာပါက အတူတူကူပြီး ရှာပေးသည့်ပုံစံ လုပ်ပေးပါ။” ဟုတ်သားပဲ၊ ခါတိုင်းဒီနေရာမှာထားတဲ့သော့တွေ ဘယ်ရောက်သွားပါလိမ့်။ စိတ်မပူနဲ့နော်၊ ကူရှာပေးမယ်” ဆိုပြီးဝိုင်းရှာပေးပါ။ ရှာနေရင်း အာရုံလွှဲပါ။ “သော့ကိုအထားမှား သွားတာ နေမှာပါ။ သား ဆက်ရှာလိုက် မယ်၊ အဖေ ဒီမှာ ထိုင်ပြီးခဏနားလိုက်ဦး၊ ပင်ပန်းသွားပြီ၊ ရေနွေး ကြမ်းလေး သောက်လိုက် အုံး” စသည်ဖြင့် ပြောဆိုနှစ်သိမ့်ပါ။ ဖြစ်နိုင်လျှင် တံခါးကိုမမြင်နိုင်သည့် နေရာသို့ ခေါ်သွားလိုက်ပါ။ သို့မှသာ အာရုံလွဲရသည် မှာ ပိုလွယ်မည်ဖြစ်သည်။ သူ့ကို သော့ပေးထား ရပြီး သူ့သော့ကိုအထားမှားကာ သူကိုယ်တိုင် ရှာမတွေ့တော့ သည့်အဖြစ်မျိုးဆိုပါက သော့အပိုပွား လုပ်ထားသည်ကို သော့ရှာတွေ့ပြီ ပုံစံဖြင့်ဖြေရှင်းပေး၍ရနိုင်ပါသည်။

            ဒီမင်းရှားဝေဒနာရှင်တချို့တွင် စိတ်ထဲစွဲနေသည့် အပြင်ထွက်ချင်သောအကြောင်း တစ်ခုခု (“ အလုပ်သွားရမယ်” ၊ “ချိန်းထား တာရှိတယ်”၊ “အိမ်ပြန်မယ်”၊ “ခလေးတွေကိုသွားကြိုရမယ်”) ရှိနေ တတ်သည်။ သတိထားလေ့လာကြည့်ပါက သူတို့အပြင်သွားလိုသည့်အကြောင်းများမှာ ယခင်က သူတို့ တစ်နေ့တာ ပုံမှန် ကျင်လည်လုပ်ခဲ့ကြသည့်အရာများဖြစ်နေတတ်သည်။ လက်ရှိရောက်နေသည့် နေရာတွင် လူသာရှိနေသော်လည်း စိတ်က ယခင်ရင်းနှီးကျွမ်းဝင်ခဲ့သည့် အတိတ်ကိုရောက်နေ တတ်သည်။ ထို့ကြောင့် ကိုယ့်အိမ်တွင်နေထိုင်လျက်နှင့်အိမ်ပြန်မည်ဟုပြောဆိုသည့်အခါ မိသားစု ဝင်များအနေဖြင့် နားမလည်နိုင် ဖြစ်ကြရသည်။ အလုပ်မှနားထားသည်မှာ နှစ်များစွာကြာနေပြီ ဖြစ် သည့်အပြင် အခုအသက်အရွယ်၊ အခု အချိန်ရောက်ခါမှ အလုပ်သွားရမည်။ အစည်းအဝေးရှိသည် စသည်ဖြင့် ပြောကာ အပြင်ထွက်ရန် ကြိုးစား လာသည့်အခါတွင် စိတ်ညစ်ကြရသည်။ အကျိုးသင့် အကြောင်းသင့် ရှင်းပြလျှင်လည်းမရသည့်အခါ ပို၍ စိတ်ပင်ပန်းကြရသည်။ အမှန်အားဖြင့်ဒီမင်းရှား ဝေဒနာရှင်များမှာ ယခင်အတိတ်မှ အမှတ်သညာများ သည် လက်ရှိပစ္စုပ္ပန်ထက်ပိုပြီး ထင်ရှားနေတတ်ကြဖြစ်သည်။ တချို့မှာ မိမိ၏မိသားစုမှ ကွယ်လွန်သွားပြီး သူများကို သက်ရှိထင်ရှားရှိနေသေးသည်ဟု ထင်မှတ်ကာ လျှောက်သွားပြီးလိုက်ရှာနေတတ်ကြသည်။ ပြုစုသူများအနေဖြင့် ဒီမင်းရှားရောဂါ နှင့် ထိုရောဂါဝေဒနာရှင်များ၏ ထိုထိုသော သဘောသဘာဝတို့ ကို နားလည်ကာ လိမ်မာပါးနပ်စွာ ကိုင်တွယ်ဖြေခြင်းတတ်မှ အဆင်ပြေကြမည်ဖြစ်သည်။

            ပထမဦးဆုံးအနေဖြင့်အရေးကြီးသည်မှာ သူတို့၏လိုအင်ဆန္ဒကို နားလည်အသိအမှတ် ပြုပေးခြင်း (Validation) လုပ်ပေးရပါမည်။ “ အငြိမ်းစားယူထားတာ ဘယ်လောက်ကြာနေပြီလဲ၊ ကိုယ့်အသက်ကို လည်းကြည့်ပါအုံး၊ ဘာအလုပ်သွားလုပ်အုံးမှာလဲ” စသည်ဖြင့် အမှန်ကို ပြောဆို ငြင်းခုံ ဝေဖန်ခြင်းက သူတို့စိတ်ထဲမှာ “ ငါ အခုသွားမှဖြစ်မယ်” ဆိုသည့်စိုးရိမ်စိတ် (Anxiety) ကို ပိုများစေပါသည်။ သူတို့၏ ဆန္ဒကိုဆန့်ကျင်လျက် အတင်းအကျပ်တားဆီးလိုက်လျှင် မရသည့် အပြင် ပိုဆိုးသွားတတ်သည်။ စိတ်တိုလာတတ်သည်။ ဒေါသထွက်ကာကြမ်းလာတတ်သည်။ ပြုစု သူများအနေဖြင့်စိတ်လျော့ကာ စိတ်ရှည်ကြရန်လိုသည်။ အာရုံလွဲပေးခြင်း (distraction) နှင့် အလုပ်တစ်ခုခုကို ပေးလုပ်ထားစေခြင်း (activity engagement) တို့မှာ လျှောက်သွားနေခြင်း အပြုအမူကို အများအားဖြင့် ထိန်း၍ရနိုင်သည့် နည်းများဖြစ်ကြပါသည်။

            ရုံးသွားမည်ဟုပြောဆိုလာသူကို “ ဟုတ်လား၊ ဒါဆို “ရုံးသွားဖို့အဝတ်အစားတွေ လဲလိုက်ရအောင်”၊ “ယူသွားမဲ့ဟာလေးတွေ ပြင်ဆင်ကြတာပေါ့” “ ထမင်းဘူးပြင်လိုက်အုံးမယ်“ စသည်ဖြင့် လက်ခံနားလည်မှု (validation) ကို ပထမဦးစွာ ဖော်ပြလိုက်ပါ။ အဝတ်အစား လဲနေစဉ် အခြား အကြောင်းအရာတစ်ခုကို ပြောဆိုကာ စိတ်ကိုလှည့်ပြောင်းပေးခြင်း (Distraction) လုပ်ကြည့်ပါ။ သို့မဟုတ် နေ့ရက်အချိန်နာရီများကို ပြောင်းလဲပြောဆိုခြင်း၊ ဥပမာ “ဒီနေ့က ရုံးပိတ်ရက်လေ” “အခုအချိန်က အရမ်းစောနေသေးတယ်”၊ “လဘက်ရည် နဲ့ မုန့် နဲ့ အရင်စားလိုက်ကြရအောင်” စသည်ဖြင့် သူတို့၏စိတ်ဆန္ဒကို အသိအမှတ်ပြုပေးရင်း အချိန်ဆွဲလိုက်ပါ။ အာရုံပြောင်းလိုက်ပါ။ မုန့်စားနေရင်း မုန့်အကြောင်းကိုပြောဆိုပါ။ ထိုမှတဆင့် ဆက်စပ် ပြောယူ၍ ရနိုင်မည့်အကြောင်းအရာ (ဥပမာ- မုန့်ထုတ်သည့်မုန်တိုက်အကြောင်း) များဖြင့် ပြောလက်စ စကားမပြတ်သွားအောင် ဆက်ပြောထားခြင်းဖြင့် အပြင်ထွက်သွားလိုစိတ်ကို မေ့ပျောက်သွားစေနိုင်ပါသည်။ တချိန်တည်းမှာမိမိအာရုံလွဲပြောင်းသည့်နောက်သို့ပါလာခြင်းရှိမရှိကိုလည်းအမြဲအကဲခတ်နေရန်လိုသည်။ မိမိ လမ်းကြောင်းပြောင်းလိုက်သည့် အကြောင်းအရာသည် သူစိတ်ဝင်စားသည့် အရာမဟုတ်ပါက အာရုံလွဲ၍ရရန်ခက်ခဲတတ်သည်။ ထို့ကြောင့်ပြုစုသူများအနေဖြင့် ဒီမင်းရှား ဝေဒနာရှင်တို့၏ အကြိုက်၊ ဝါသနာများကိုသိထားရန်လိုအပ်သည်။ မည်သို့မှအာရုံလွဲ ၍မရနိုင်တော့ဘဲ အပြင်သို့ထွက်မှ ဖြစ်မည့် အနေအထားတွင် ဝေဒနာရှင်နှင့်အတူ အပြင်သို့ထွက်သွားလိုက် ပါ။ သူတို့အလိုကျ အိမ်တွင်းမှအိမ်ပြင်သို့ ထွက်လိုက်ရသည်နှင့် စိတ်တင်းကျပ်နေမှုနည်းသွားကာ ခက်ထန်မှုများလည်း တဖြည်ဖြည်း လျော့ကျ လာသည်ကို တွေ့ရမည်။ ထိုအခါ ထွေရာလေးပါး စကားပြောရင်း လမ်းတပါတ်လျှောက်ကာ အိမ်သို့ ပြန်ခေါ် လာ၍လည်းရတတ်သည်။ ဝိုင်းပတ်၍ သွားနေသောဘတ်စ်ကားငယ် (Shuttle bus) များရှိလျင် ကား တစ်ပါတ်စီးလိုက်လျှင်လည်း ကျေနပ်သွားတတ်ကြသည်။ တခါတရံ အိမ်ပြင်ရောက်မှ အကြောင်း တစ်ခုခု ပြကာ (ဥပမာ-ထမင်း စားချိန်တောင်ရောက်နေပြီ၊ စားပြီးမှသွားကြတာပေါ့။ ဖုံးမေ့ကျန်ခဲ့လို့ ပြန်ပြီး ယူလိုက် ကြရအောင်) ပြန်ခေါ်လာ၍လည်း ရနိုင်တတ်သည်။ ဝေဒနာရှင်၏အကြောင်းကို ကောင်းစွာ သိထားမှုနှင့် ပြုစုသူ၏ လိမ်မာပါးနပ်မှု၊ ပြောဆိုတတ်မှု တို့ပေါ်မူတည်ပြီးအောင်မြင်မှု အတိုင်းအတာ ကွာသွားနိုင် ပါသည်။

            Shadowing ဟုခေါ်သည့် တစ်ဦးတစ်ယောက်၏နောက်ကို အရိပ်လို တကောက်ကောက် လိုက်ပါနေခြင်းမှာလည်း ဒီမင်းရှား ဝေဒနာခံစားနေရသူများတွင် အလွန်အဖြစ်များသည့် အပြုအမူ တစ်ခုဖြစ်သည်။ သူများနောက်ကို တကောက်ကောက်လိုက်နေခြင်းမှာ ထိုသူကို ဒုက္ခပေးချင်၍ မဟုတ်ဘဲ သူ့စိတ်ထဲမှာ “ လုံခြုံမှု” ကိုရှာဖွေနေခြင်းသာဖြစ်ပါသည်။ သူတို့၏သိမှတ်ဉာဏ်အားနည်း ချို့ယွင်းနေသဖြင့် ပတ်ဝန်းကျင်သည်သူ့အတွက် သူစိမ်းပြင်ပြင်ဖြစ်နေကာ ကြောက်ရွံ့စိုးရိမ်နေ တတ်ကြသည်။ ထိုအခါ သူတို့နှင့်ရင်းနှီး ကျွမ်းဝင်သူဟုယူဆသူကို အားကိုးလိုစိတ်ဖြင့် မျက်စိ အောက်ကအပျောက်မခံဘဲ နောက်မှထပ်ချပ်မကွာလိုက်နေကြခြင်းဖြစ်သည်။ သူတို့ဦးနှောက်က လူကောင်းကဲ့သို့ အလုပ်မလုပ် တော့သဖြင့် မိမိလုပ်ရမည့်အရာ၊ သွားရမည့်နေရာ၊ နေ့ ည အချိန် တို့ကို ကွဲကွဲပြားပြား မသိတော့ဘဲ ကိုယ်တိုင်ဆုံးဖြတ်ချက်လည်း မချနိုင်တော့သောကြောင့် သူများ နောက်လိုက်ကာ လိုက်လုပ်နေခြင်း ဖြစ်တတ်သည်။ လမ်းပျောက်မသွားအောင် ကြိုးစား နေခြင်း လည်းဖြစ်နိုင်သည်။ ထိုသို့နောက်မှ လိုက်နေခြင်းဖြင့်သာ ဘေးကင်းလုံခြုံသည်ဟု လည်း ထင်နေ တတ်ကြသည်။ ဒီမင်းရှား အဖိုးတစ်ယောက် သည် ဒီမင်းရှားအဖွားတစ်ယောက်ကိုတွေ့တိုင်း ထို အဖွားနောက်သို့ အမြဲနောက်မှ ကပ်လိုက်နေ သည်ကိုတွေ့ဖူးသည်။ အကြောင်းကိုလေ့လာစူးစမ်း လိုက်သည့်အခါ အဖိုးသည် ထိုအဖွားကို သူ့အမျိုးသမီးဟုထင်နေခြင်းဖြစ်သည်။ သူ့အမျိုးသမီးမှာ လွန်ခဲ့သည့်ငါးနှစ်ခန့်က ကွယ်လွန်သွား ခဲ့ပြီးဖြစ်သည် ။ အဖိုး၏ Photo Album မှပုံများအရ အဖွား သည် တကယ်လည်း အဖိုး၏အမျိုးသမီး နှင့် အတော်တူနေသည်ကိုတွေ့ရသည်။ အထူးသဖြင့် ငွေရောင်ဆံပင်ဖြူနေပုံ နှင့် ဆံပင်ပုံစံ (hair style) မှာအလွန်တူသည်။ သိစေချင်သည်မှာ ဒီမင်းရှား ဝေဒနာရှင်များ၏ အပြုအမူအများစုတွင် ဆိုင်ရာအကြောင်း အရာများ ရှိနေတတ်သည်ဆိုသည့် အချက်ဖြစ်သည်။ အကြောင်းကိုသိသွားသည့် အခါ အကျိုးဖြစ်သည့် အပြုအမူကို ကိုင်တွယ်ဖြေ ရှင်းရန်လွယ်သွားသည်။ အိမ်သာသွားချင်သဖြင့် အိမ်သာကိုလျှောက်ပြီး လိုက်ရှာနေခြင်း ဖြစ်သည် ကိုသိလျှင်ထိုသူကို အိမ်သာဆီသို့ပို့ပေးလိုက်လျှင် သူ၏လျှောက်သွားနေသည့် ပြဿနာမှာ ပြေလည်သွားမည်ဖြစ်ပါသည်။

            လက်တွေ့မှာကား သူတို့၏အပြုအမူများကို နားလည်သဘောပေါက်နိုင်ရန် မလွယ်ကူပါ။ တချို့မှာ မည်သည့်အကြောင်း၊ မည်သည့်ရည်ရွယ်ချက်မှမရှိဘဲ အငြိမ်မနေဘဲ လျှောက်သွားနေ ခြင်း (aimless walking) ကိုလည်းတွေ့ရသည်။ ထိုသူမျိုးမှာလျှောက်သွားနေရလျှင် ကျေနပ်သည်။ သူတို့၏ ဦးနှောက်ထဲမှာ “ လှုပ်ရှားမှု တစ်ခုခု လုပ်နေရမှ” နေရထိုင်ရ သက်သောင့်သက်သာ ရှိပြီး စိတ်အေးရသည့် အခြေအနေမျိုးရှိနေခြင်းဖြစ်သည်။ ထိုသူများအတွက် သင့်တော်သောကုထုံး မှာ ဘေးအန္တရာယ်ကင်းသောလမ်းလျှောက်ခြင်း (safe walking) ကိုစီစဉ်ပေးလိုက်ရန်သာဖြစ်သည်။ လမ်းလျှောက်သည့် လမ်းကြောင်းမှာ ခလုတ်တိုက်မိနိုင်သောအရာများ၊ ချော်လဲနိုင်သည့် အခင်း ကော်ဇောများကိုဖယ်ထားပေးပါ။ ရေစိုနေသည့်ကြမ်းပြင်နေရာများ၊ မြေပြင်တညီတည်းမဟုတ်ဘဲ အဖုအထစ်များနှင့်မြေမညီသည့်နေရာ၊ အဆင်းအတက်များသည့်နေရာများကိုရှောင်ပါ။ မိမိအိမ်ထဲ မှာဖြစ်လျှင် ခေါက်တုံ့ခေါက်ပြန် သို့မဟုတ် စက်ဝိုင်းပုံစံ ပတ်ချာလည် လျှောက်သွားနိုင်ရန် လုပ်ပေး ထားပါ။ ရည်ရွယ်ချက်မဲ့လျောက်သွားကြသူများမှာ ပင်ပန်းအားကုန်သွားသည့်အခါ သူ့အလိုလို ပင် ရပ်နားသွားတတ်ကြသည်။ နေ့ပိုင်းပင်ပန်းထားသည့်အခါ ညပိုင်းတွင် အများအားဖြင့် ကောင်းစွာ အိပ်ပျော်တတ်ကြသည်။ လုပ်စရာ အလုပ်မရှိသဖြင့် ပျင်းရိငြီးငွေ့ကာ စိတ်လေလွင့်ပြီး လျှောက် သွားနေတတ်ကြသည့် ဒီမင်းရှားဝေဒနာရှင်များကိုမူ ထိုသူတို့အား မပျင်းကြစေရန် သူတို့လုပ်ချင် မည့် အလုပ်တစ်ခုခုပေးထားခြင်းဖြင့် လျှောက်သွားနေခြင်းကို နည်းသွားစေနိုင်ပါသည်။

            တချို့ဒီမင်းရှားဝေဒနာရှင်များမှာ အပြင်သို့ထွက်သွားရန်သာ တောင်းဆိုတတ်ကြပြီး တကယ်အပြင် ရောက်သည့်အခါတွင်မူ သွားမည့်နေရာကိုအတိအကျမပြောနိုင်ကြပေ။ ထိုသို့ သူတို့မသိနိုင် မပြောနိုင်သည့်အခါ အတင်းထပ်မေးမနေပါနှင့်တော့။ ထပ်မေးနေလျှင်လည်း စိတ်ပင်ပန်းရုံသာရှိပြီး အဖြေထွက်လာမည်မဟုတ်ပါ။ သူနှင့်အဆင်ပြေနိုင်မည်ထင်သည့်နေရာကို သာသွားလိုက်ပါ။ လူများပြီး ဆူညံနေသည့်နေရာများက သူတို့ကို ပိုပြီး စိတ်ရှုပ်ထွေးစေတတ် သဖြင့်ထိုနေရာမျိုးကို မသွားပါနှင့်။ နီးနီးနားနားနှင့် အချိန်တိုတိုပဲ သွားပါ။ လမ်းထွက်လျှင် သူအမြဲ ကိုင်နေကျပစ္စည်းမျိုး (ဦးထုပ်၊ ထီး၊ ဒုတ်ကောက်၊လွယ်အိတ်၊ရေဘူး) ရှိလျှင် ယူသွားပေးပါ။ သုံးနေ ကျပစ္စည်းများ တပါတည်းပါလာခြင်းက သူ့စိတ်လုံခြုံမှုကို ဖြစ်စေပါသည်။။

            အခွင့်သာလျှင်အပြင်ထွက်ရန် အမြဲကြိုးစားနေသည့် ဒီမင်းရှားဝေဒနာရှင်များအတွက် ကြီးကြပ်စောင့်ကြည့်နေသည့်ကြားမှ “ မတော်တဆ” ထွက်သွားကြကာ ပြန်မလာတတ်တော့ဘဲ လမ်းပျောက်နေကြခြင်းများရှိတတ်ကြပါသည်။ ထိုအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ ပျောက်ဆုံးသွားပါက ရှာဖွေရလွယ်ကူစေရန် သူတို့၏အင်္ကျီအိတ်ကပ်၊ ခါးပတ် သို့မဟုတ် လက် ပတ်မှာ နာမည်၊ လိပ်စာ နှင့်ဖုန်းနံပါတ်တို့ကို သေချာစွာထည့်ပေးထားပါ။မှတ်ဉာဏ်အားနည်းသူ တစ်ဦး ဖြစ်ကြောင်းနှင့် တွေ့ရှိပါက ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ပါကတ်ပြားလေးကို အင်္ကျီတွင် ချိတ် ပေးထားပါ။ အိတ်ကပ်ထဲမှာ GPS ပါသည့်စက်ငယ်ကလေး ထည့်ပေးထားခြင်း သို့မဟုတ် GPS နာရီ ပတ်ပေးထားပေးခြင်းလည်း လုပ်ထားနိုင်ပါသည်။ မနက်တိုင်း အဝတ်အစားလဲပြီးလျှင် ဓာတ်ပုံတစ်ပုံစီ ရိုက်ယူထားပါ။ အိမ်မှထွက်သွာပြီးပြန်မရောက်လာသည့်အခါ သူ့ပုံ နှင့် ဝတ်ဆင် ထားသည့်အင်္ကျီကို ချက်ချင်းပြောပြကာ ရှာနိုင်ရန်အတွက်ဖြစ်သည်။ အိမ်နီးနားချင်းများနှင့် နေထိုင်ရာရပ်ကွက်ရုံးသို့ လည်း အသိပေးထားကာ တစ်ယောက်တည်းလျောက်သွားနေခြင်း တွေ့လျှင် မေးမြန်းတားဆီးပေးရန်နှင့် အိမ်သို့အကြောင်းကြားပေးရန်ကို ကြိုတင်ပြောဆို အကူအညီတောင်းထားရန်လိုအပ်ပါသည်။ ပတ်ဝန်းကျင်နေရာသစ်တွင် နေထိုင်ခြင်းဖြစ်လျှင် လမ်းပျောက်နေပါက ပိုပြီး အန္တရာယ်ရှိနိုင်ပါ သည်။ မိမိနေထိုင်ရာအိမ်ခြံဝင်းတွင် CCTV ကင်မရာတပ်ဆင်ထားခြင်းဖြင့်လည်း ဝေဒနာရှင်၏ သွားလာလှုပ်ရှားနေမှုကို စောင့်ကြည့်ထား နိုင်ပါသည်။

            ဒီမင်းရှားဝေဒနာရှင်တစ်ဦးသည် စိုးရိမ်စိတ် (Anxiety) လွန်ကာ အငြိမ်မနေဘဲ အမြဲအိမ်ပြင် ထွက်ရန် ကြိုးစားနေခြင်း၊ ဂနာမငြိမ်ဖြစ်ပြီးစိတ်ရှုပ်ထွေးနေခြင်း (Confusion) ၊ Sundowning ပုံစံဖြစ်နေကာထိန်းရခက်ခြင်း၊ ညတွင်ကောင်းစွာမအိပ်ဘဲလျောက်သွားနေခြင်း၊ စောင့်ကြပ်နေ သည့်ကြားမှ မကြာခဏအပြင်သို့ထွက်သွားခြင်း၊ လူပျောက်၍အကြိမ်ကြိမ်လိုက်ရှာရခြင်း စသည် တို့ ဖြစ်နေပါက သက်ကြီးရောဂါအထူးကု (Geriatrician)၊ အာရုံကြောအထူးကု (Neurologist) သို့မဟုတ် စိတ်ကျန်းမာရေးအထူးကု (Psychiatrist) တစ်ဦးဦးနှင့် ပြသရန်လိုအပ်ပါသည်။ Wandering ကို “ ပျောက်ကင်းအောင်” ကုသနိုင်သည့် သီးသန့်ဆေးဟူ၍ မရှိသော်လည်း ဒီမင်းရှားဝေဒနာရှင်များတွင် တွဲဖက်ပါနေတတ်သည့် စိုးရိမ်လွန်ခြင်း၊ ဂနာမငြိမ်ခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ညဖက်မအိပ်ခြင်း စသည့်လက္ခဏာများကို ထိန်းပေးနိုင်သည့်ဆေးများ ရှိပါသည်။ သိမှတ် ဉာဏ်တိုးမြှင့်ဆေး (Cognitive enhancer) များမှာလည်း ဒီမင်းရှား ဝေဒနာရှင်များ၏အပြုအမူ တိုးတက်လာစေရန်အထောက်အကူဖြစ်ပါသည်။ ဆေးအပြင် ဝေဒနာရှင်ကို မည်သို့ကိုင်တွယ်ပြုစု ရမည်ဆိုသည့်နည်းလမ်းများ၊ အကြံဉာဏ်များလည်းရယူနိုင်ကြမည်ဖြစ်ပါသည်။ ဆေးခန်း သွား ပြသည့်အခါ အခုလက်ရှိသောက်နေသည့်ဆေးနှင့်ဆေးမှတ်တမ်းများကိုပါယူသွားကာ ပြောင်းလဲ လာသည့် အပြုအမူကိုလည်း အသေအချာပြောပြပါ။ လူနာကိုယ်တိုင်မှာ ဒီမင်းရှားဖြစ်နေသဖြင့် ဆေးခန်းသွားပြသူလူနာရှင်အနေဖြင့် လူနာအကြောင်းကိုကောင်းစွာသိကာ လိပ်ပတ်လည်အောင် ဆရာဝန်ကိုပြောပြတတ်ဖို့ အရေးကြီးပါသည်။ ဆေးဖြင့်လည်းတဖက်မှ ကူထိန်းပေးလိုက်ခြင်းဖြင့် ပြုစုရသူများနှင့် လူနာရှင်မိသားစုများမှာ များစွာစိတ်သက်သာရာရစေပါသည်။

            ဒီမင်းရောဂါကြောင့် ဝေဒနာရှင်သည် တစ်ခါတရံ ပြုစုနေသူမိသားစုများကို စိတ်တိုခြင်း၊ ဒေါသထွက်ကာ စိတ်လိုက် မာန်ပါပြုလိုက်ခြင်းမျိုးရှိတတ်ကြပါသည်။ ထိုသို့ဖြစ်သွားခဲ့သည်ကို လည်း သူတို့မှာ မမှတ်မိတော့ပါ။ သို့သော်လည်း ပြုစုသူမိသားစုများ၏ ကြင်နာယုယစွာ စောင့် ရှောက်မှု၊ ဂရုစိုက်မှုများကို သူ့တို့၏ အသိစိတ်ထဲမှာ နှလုံးသားထဲမှာ လုံခြုံနွေးထွေးမှုအဖြစ် ခံစားသိနိုင်ကြဆဲ ဖြစ်ပါသည်။ သူတို့၏အနားမှာ သူတို့ချစ်ရသူများ ရှိနေခြင်းကပင်လျှင် သူတို့ အတွက် အကြီးမားဆုံးသော နှစ်သိမ့်မှုဖြစ်စေကြောင်းကိုမူ သိစေချင်ပါသည်။   မိမိချစ်ရသူဒီမင်းရှားဝေဒနာရှင်များကိုဆက်လက်ပြုစုစောင့်ရှောက်နိုင်ကြပါစေ။

            မေတ္တာမွန်ဖြင့်…ဒေါက်တာသန်းထွန်းအောင်