ဒီမင်းရှားရောဂါရှင်များ၏ သံသယစိတ်နှင့် စွပ်စွဲလာခြင်း (Paranoia)အပြုအမူ

(ဒေါက်တာသန်းထွန်းအောင်)


             
ဒီမင်းရှားရောဂါရှင်များတွင် လူတစ်ဖက်သားကို သံသယစိတ်နှင့်စွပ်စွဲခြင်း (Paranoia) သည် အဖြစ် များသော လက္ခဏာအပြုအမူတစ်ခုဖြစ်ပါသည်။ ဒီမင်းရှား ရောဂါအလယ်အလတ်အဆင့်နှင့် ဆိုးလာသည့် အဆင့်တို့တွင် ပိုဖြစ်တတ်ကြသည်။ ယခင်က သဘောကောင်းကာ ဖြူစင်ကြည်လင်နေသောစိတ်များမှာ ဒီမင်းရှားကြောင့် ပြောင်းလဲသွားတတ်ကြပြီး အမှန်အတိုင်းသိမြင်နိုင်စွမ်းမှာ တဖြည်းဖြည်းဆုတ်ယုတ်လာ ကြသည်။ ထိုအခါ သူတို့၏ ဦးနှောက်က အဖြစ်အပျက်များကို မှန်ကန်စွာ မဆင်ခြင်နိုင်တော့သည့်အတွက် မဖြစ်နိုင်သည့် အတွေးများကို အမှန်တကယ်ဖြစ်နေသည့်အရာများဟု ထင်မှတ်ယုံကြည်ကာ သံသယစိတ် ဖြင့် မိမိကိုပြုစုပေးနေသူများအပေါ်တွင် အမျိုးမျိုးပြောဆို စွပ်စွဲမှုများကို လုပ်လာတတ်ပါသည်။

              ဒီမင်းရှားရှိနေသူများသည် မိမိ၏ပတ်ဝန်းကျင်က အရာများကို ကောင်းစွာသိနားလည်နိုင်စွမ်း (Cognitive ability) အလွန်လျော့နည်းနေမှုကြောင့် မိမိပစ္စည်းကို ထားနေကျနေရာမဟုတ်ဘဲ နေရာမှားကာ ထားမိခြင်း၊ မိမိပိုက်ဆံအိတ်ကိုအခြားသူမမြင်မတွေ့နိုင်စေရန် ဝှက်ထားမိခဲ့သည်ကို လိုလာ၍ ရှာသည့်အခါ မည်သည့်နေရာတွင်ဝှက်ထားခဲ့သည်ကိုသတိမရတော့ခြင်း၊ စသည်တို့ဖြစ်လာသည့်အခါ မိမိ၏မှတ်မိနိုင်ခြင်း အားနည်းကာ မေ့သွား၍ ဖြစ်ရသည်ကို “ ငါ့ပစ္စည်းပျောက်သွားပြီ၊ တစ်ယောက်ယောက် ခိုးတာပဲ ဖြစ်ရမယ်” ဟု ကောက်ချက်ချလိုက်တတ်ကြသည်။ ရောဂါကြောင့်မိမိ အမှတ်မှားနေခြင်းကိုလည်း မသိတော့ပါ။ မိမိနှင့် အနီးဆုံးရှိနေသူကိုသာ စိတ်ထဲရောက်လာကာ ခိုးသူအဖြစ်လက်ညှိုးထိုးတော့ခြင်းဖြစ်ပါသည်။ ဒီမင်းရှား ကြောင့် မိမိနှင့်မိမိပတ်ဝန်းကျင်ကို ထိန်းချုပ်လုပ်ကိုင်နိုင်ခြင်း (control) မရှိတော့သည့်အခါ ကိုယ့် ကိုယ်ကို ယုံကြည်မှုမရှိတော့ဘဲ စိုးရိမ်စိတ်၊ မလုံခြုံစိတ်နှင့် ကြောက်စိတ်တို့ ဝင်လာသည်။ ထိုအခါ တခြားသူကို သံသယစိတ်ဝင်ကာ စွပ်စွဲလာသည်။ အဝတ်အစား၊ ငွေကြေး၊ ပိုက်ဆံအိတ် စသည် တို့နှင့်ပတ်သက်ပြီး ခိုးမှုစွပ်စွဲခြင်းမှာ အတွေ့ရများသည်။ ဒီမင်းရှားဝေဒနာရှင် တချို့မှာ မုန့်များကို ခိုးယူစားကြမည်ကို စိုးရိမ်ကာ ခေါင်းအုံးအောက်တွင် မုန့်များကိုဝှက်ထားတတ်ကြသေးသည်။ (မိသားစုဝင်) တစ်ယောက်ယောက်က စွပ်စွဲ ခံရသူ၏ဘက်မှနေ၍ သူ၏စွပ်စွဲပြောနေခြင်းများမှာ မဟုတ်မမှန်ကြောင်း သူနှင့် ဆန့်ကျင်၍ပြောမိလျှင် သူ့ကို အုပ်စုဖွဲ့အနိုင်ကျင့်နေကြသည်၊ ဝိုင်းပြီးလိမ်နေကြသည်၊ နှိပ်စက်နေကြသည်၊ သူ့ကိုကူညီမည့်သူ မရှိဟုပင် ထင်မှားပြောဆိုတတ်ကြသည်။  

              အမြင်နှင့်အကြားအာရုံများပါ အားနည်းချို့တဲ့နေသည့် ဒီမင်းရှားရောဂါရှင်တို့တွင် ပိုဆိုးတတ်သည်။ မကြည်လင်သောအာရုံကြောင့်ဖြစ်လာသည့် စိတ်မှာလည်း ကွဲကွဲပြားပြားသိရှိခြင်းမဖြစ်နိုင်တော့သည့်အခါ ယုံမှားသံသယစိတ်များနှင့်ဝေဝါးထွေပြားလာတော့သည်။ ထိုအခါ သူတို့ရှေ့တွင်တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း သဘောရိုးဖြင့် ပြောဆိုနေကြသည်ကိုမြင်လျှင် သူ့ကိုအတင်းပြောနေသည်၊ သူ့ကိုတစ်ခုခုလုပ်ရန် ပူးပေါင်းတိုင်ပင်ကြံစည်နေကြသည်ဟု ထင်မြင်လာတတ်သည်။ ပြန့်ကျဲနေသည့်ပစ္စည်းများကို စနစ်တကျ စီစဉ်ပေးလျှင်လည်း သူ့ပစ္စည်းများကို ခိုးယူရန်လုပ်နေသည်ဟု မှားယွင်းစွာယူဆစွပ်စွဲခြင်းမျိုးလုပ်လာသည်။ တစ်ဖက်သားကိုမယုံကြည်တော့။ ထို့ကြောင့် မိသားစုဝင်တစ်ယောက်ကဲ့သို့ သံယောဇဉ်ကြီးစွာနှင့် ဒီမင်းရှား ရောဂါရှင်ကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ပေးလာခဲ့သူဖြစ်လျှင် သူ့အပေါ်  ယခုအခါ မဟုတ်မမှန် စွပ်စွဲ ပြောဆိုခြင်းများကို အလွန်ဝမ်းနည်းခြင်း၊ စိတ်မကောင်းခြင်းတို့ ဖြစ်ကြရပါသည်။ ထိုသို့ ဖြစ်ရ ခြင်းမှာ ဒီမင်းရှားရောဂါ ၏တွဲဖက်ပါလာသည့် ဆိုးကျိုးများကြောင့်ဖြစ်ကြောင်းကို သိရှိနားလည်ပေးနိုင်ပါမှ ဝေဒနာရှင်ပေါ် တွင်မည်သို့ မျှစိတ်ကွက်ခြင်းမရှိဘဲ ယခင်စိတ်ရင်းအတိုင်းဆက်လက်၍ ပြုစုစောင့်ရှောက်မှု ပေးသွားနိုင်မည်ဖြစ်ပါသည်။ ဒီမင်းရှားရောဂါရှင်များသည် သံသယစိတ် နှင့်စွပ်စွဲခြင်း ပြုလာသည့်အခါ ထို အခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်ပုံကို အကြံပြုတင်ပြဆွေးနွေးပေးသွားပါမည်။

            ပထမဦးဆုံးအနေဖြင့် မိမိကို ပုဂ္ဂိုလ်ရေးအရပြောနေခြင်းဟု မခံယူရန်လိုသည်။ မိမိကို မကြိုက် မလိုမုန်းထား၍ ပြောနေခြင်းမဟုတ်ဘဲ သူ့ရောဂါကြောင့် စိတ်ထဲအထင်မှားကာ ပြောနေခြင်းဖြစ်သည်ဟု သတိရ နားလည်လိုက်ခြင်းဖြင့် သူမည်သို့ပင်ပြောပြော ရင်ထဲထိ မရောက်တော့ပါ။ လက်တွေ့တွင်လည်း အမျိုးမျိုး စွပ်စွဲပြောဆိုခဲ့ခြင်းကို ဝေဒနာရှင်မှာ ခဏအကြာတွင် တစ်ခုမျှ မမှတ်မိတော့ပါ။ မသိတော့ပါ။ ချစ်ခြင်း မေတ္တာစိတ်ဖြင့် စိတ်အေးအေးထားကာ စဉ်းစားကြည့်လျှင် သူတို့၏သနားစရာအဖြစ်ကို ခံစားမိ လာပါလိမ့်မည်။ သူ့ကို မည်သို့ ဆက်လက်ပြုစုရမည်ကိုလည်း အလွယ်တကူ သိမြင်လာမည်ဖြစ်ပါသည်။ သူ့အပေါ် နားလည်လာသည့်အခါ သူနှင့်အဆင်ပြေစွာ ပြောဆိုလုပ်ကိုင်နိုင်သည့် အနေအထားကို ရောက်သွား ပါမည်။ သို့သော် အကြောင်းတစ်စုံတစ်ခုကြောင့် သူအကဲဆတ်နိုင်သည့် အရာတစ်ခုခုကို ပြုလုပ်ရန်ဖြစ်လာ သည့်အခါ တဖန် သတိရစေကာ ဇာတ်လမ်းဟောင်းသည် ပြန်တစ်ပတ်လည်လာတတ်သည်ကိုလည်း သိထားရန်လိုပါသည်။ ဥပမာပေး၍ပြောပြရလျှင် သူ့အစာထဲအဆိပ်ခပ်ထားသည် ဟုထင်နေသော ဒီမင်းရှား ဝေဒနာရှင် နှင့် တစ်နေ့ခင်းလုံး တောက်လျောက်အဆင်ပြေနေသော်လည်း ညနေစာကျွေးရသည့်အခါ ပြဿနာထပ်မံ ပေါ်လာခြင်းမျိုးဖြစ်သည်။ အစာကိုမြင်လိုက်သည်နှင့် ကိန်းအောင်းနေသည့်သံသယစိတ် ပြန်ဝင်လာသည်။ ပြုစုသူတစ်ဦးကို မယုံကြည် လက်မခံလျှင် နောက်တစ်ဦးနှင့်အစားထိုးပြီး လူပြောင်းလိုက် ပါက တခါတရံ အဆင်ပြေသွားနိုင်သည်။ သည်အစာကိုငြင်းလျှင် ပုံစံမတူသည့် နောက်အစာတစ်မျိုးကို ပြောင်းသင့်လျှင် ပြောင်းရသည်။ သူ၏သံသယစိတ်ကင်းသွားစေရန်၊ အစာတွင် အဆိပ်မထည့်ထားကြောင်း လက်ခံစေရန် သူ့အစာကိုဦးစွာ စားပြလိုက်ခြင်း၊ အစာစားကောင်းသည်ကိုအမူအရာဖြင့်ပြသခြင်း၊ လူနာနှင့် အတူတူစားကြခြင်း၊ စသည်စသည်ဖြင့် နည်းမျိုးစုံကို သိထားကာ အခြေအနေကိုကြည့်ပြီး အသုံးပြု ဖြေရှင်း တတ်ရန်လိုပါသည်။ အပြောအားဖြင့် လွယ်မည်ဟုထင်ရနိုင်သလောက် လက်တွေ့ပြုစုကြရာတွင် အလွန် ခက်ခဲသည့်အလုပ်ဖြစ်ပါသည်။ တချို့မှာ အစားအစာ သာမက ဆေးကိုပါငြင်းဆန်လာတတ်ကြသည်။ တခါ တရံ “ငါ့ကိုအိပ်ဆေးတွေ တိုက်ပြီး သေအောင်လုပ်နေကြတယ်”ဟူပင်ပြောဆိုစွပ်စွဲကာ ဆေးမသောက်လို တော့ဘဲ ဆေးတိုက်မရ ဖြစ်လာတတ်သည်။ ဒီမင်းရှားလူနာများကိုဆေးတိုက်ရခက်ခဲလာလျှင် မည်သို့ လုပ် ဆောင် ကြိုးစားသင့်သည်ကို သီးခြားဆောင်းပါးဖြင့်ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။

            မိမိအားသူ့ပစ္စည်း ကို ခိုးယူထားသည်ဟုစွပ်စွဲလာသည့်အခါမျိုးတွင် “ ကျွန်မ မယူပါဘူး၊ ကျွန်မဒါမျိုး မလုပ်ပါဘူး” ဟု တိုက်ရိုက်ပြန်ပြီး ငြင်းခုံခြင်းကို ရှောင်ပါ။ အကျိုးအကြောင်းနှင့် ရှင်းပြလေလေ၊ သူတို့က လက်မခံလေ၊ ပိုပြီး စိတ်ဆိုးလေလေ ဖြစ်တတ်ပါသည်။ အကြောင်းမှာ သူတို့၏ကျိုးကြောင်းဆင်ခြင် အမှန် မြင်နိုင်စွမ်းမှာ မရှိတော့ခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ပြောဆိုဆက်ဆံမှုပုံစံကို လိမ်မာ ပါးနပ်စွာ ပြောင်းတတ်ရန်လိုပါသည်။ “ ပစ္စည်းပျောက်သွားလားအဖွား၊ စိတ်မပူနဲ့နော်၊ ကျွန်မ အတူတူ ဝိုင်းရှာပေးမှာ ပေါ့” ဆိုပြီး သူ၏ပစ္စည်းရှာမတွေ့သဖြင့် စိတ်ပူပန်နေမှုကို ပျော့ပြောင်းညင်သာသောလေသံဖြင့် နားလည် အသိအမှတ်ပြုခြင်း ( Validation) လုပ်ပေးပါ။ တချိန်တည်းမှာ သူ့ စိတ်အာရုံကို အခြားအကြောင်းအရာ တစ်ခုသို့ ပြောင်းပေးလိုက်ပါ။ ကြင်နာစွာ ပွတ်သပ်ပွေ့ဖက်မှုများလုပ်ပေးခြင်းမှာလည်း သူတို့၏စိတ်ပိုင်း ဆိုင်ရာလုံခြုံမှုကိုဖြစ်စေပါသည်။ လက်တွေ့ ပြုစုကြရသည့်အခါတွင် များစွာစိတ်ရှည်သည်းခံကြရသည်။ တစ်ဦးချင်းကိုလည်း အချိန်များစွာပေးကြရပါသည်။ မကြာခဏ အထားမှားပြီး ရှာမရဘဲပျောက်တတ်သည့် ပစ္စည်းမျိုးအတွက် ပုံစံတူအပိုပြုလုပ်ကာအသင့်ဆောင်ထားခြင်း (မျက်မှန်ပျောက်တတ်သူအတွက်ပုံစံတူ အပိုမျက်မှန် လုပ်ထားခြင်း) ဖြင့် လတ်တလောရှာမတွေ့သည့်ပစ္စည်းအတွက်အစားထိုးဖြေရှင်းပေးနိုင်မည် ဖြစ်ပါသည်။

            မိမိ၏အိမ်ထောင်ဖက်ကို အခြားသူတစ်ဦးနှင့် ဖောက်ပြန်နေသည်ဟု စွပ်စွဲခြင်းမှာလည်း တွေ့ရတတ် သည့် သံသယဖြစ်မှုတစ်မျိုးဖြစ်သည်။ အထူးသဖြင့်အမျိုးသားဝေဒနာရှင်များသည် မိမိကိုအနီးကပ်ပြုစု ပေးနေသည့် ဇနီးမယားကို မဟုတ်မမှန်ယိုးစွပ်လာသည့်အခါတွင် ကိုယ်ရောစိတ်ပါပင်ပန်းနေပြီဖြစ်သည့် ဇနီး အနေဖြင့်အလွန်စိတ်ညစ်ရသည်။ အများအားဖြင့် Lewy body dementia ဖြစ်သူများတွင် ပိုပြီး တွေ့ရ သည်။ ဒီမင်းရှားရောဂါ၏ယုံမှားစိတ်ကြောင့် အိမ်ထောင်ဖက်အပေါ်တွင် အခြေအမြစ်မရှိသော သဝန်တို မနာလိုစိတ် လွန်ကဲခြင်း (delusional jealousy) ကြောင့် စွပ်စွဲခြင်းမျိုး ဖြစ်သည်။ ထိုအခါ သူစကားလက်ခံ နားဝင်နိုင်မည့်အချိန်တွင် အမှန်ကိုသိစေခြင်း (Reality orientation) ဖြစ်ရန် ပြောဆိုရှင်းပြပါ။ ချစ်ခြင်း မေတ္တာအပြည့်ဖြင့် အနားတွင်အမြဲရှိနေကြောင်းအားပေးပါ။ စကား အသွားအလာကို လမ်းကြောင်းလွဲလိုက် ခြင်း၊ သံသယဖြစ်နိုင်သည့် ပတ်ဝန်းကျင်အနေအထားနှင့် ပြုမှုပြောဆိုနေထိုင်ပုံတို့ကို သတိထားကာ ပြောင်း လိုက်ခြင်းတို့ဖြင့်လည်း ဖြေရှင်းကြည့်နိုင်ပါသည်။ သူတို့၏စိတ်တွင် ပြုစုပေးနေသည့်အိမ်ထောင်ဖက်သည် သူ့ကို ပစ်ပယ်ကာ နောက်တစ်ယောက်နှင့် ဖြစ်နေသည်ဟု စိတ်ထဲစွဲနေသည့်အနေအထားဆိုပါက ဆေးဖြင့် ကုသခြင်းမပါလျှင် အလွယ်တကူ ဖြေရှင်းအောင်မြင်ရန်မှာ ခက်ခဲတတ်ပါသည်။

              ပြုစုစောင့်ရှောက်သူအပေါ် သံသယစိတ်ဖြင့် အမျိုးမျိုးစွပ်စွဲခြင်းသည် အကြိမ်ကြိမ် ထပ်တလဲလဲ ဖြစ်လာခြင်း၊ ပို၍ပို၍ စိတ်တိုဒေါသထွက်လာခြင်းများ ဆိုးဝါးပြင်းထန်လာခြင်း ဖြစ်လာပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး လိုအပ်သင့်တော်မည့်ဆေးများကို ပေးရန်လိုပါသည်။ ဒီမင်းရှားရောဂါအမျိုးအစားအလိုက် ထိခိုက်သွား သည့် ဦးနှောက်၏ နေရာအစိတ်အပိုင်း၊ ရောဂါဆိုးဝါးပြင်းထန်မှုအဆင့်၊ ပြုစုစောင့်ရှောက်မှု ပေးသူ၏ ကျွမ်းကျင်ပါးနပ်မှု၊ မိသားစုဝင်များ၏ နားလည်မှုနှင့် ပြုစုကုသမှုပိုင်းတွင် ပူးပေါင်းပါဝင် ဆောင် ရွက်ဖြည့်ဆီးပေးနိုင်မှုများပေါ်တွင်မူတည်ပြီး ပြုစုစောင့်ရှောက်ရသည့်ပုံစံနှင့် ကုသမှုထိရောက်အောင်မြင် ခြင်းတို့မှာ ကွဲပြားခြားနားသွားကြပါသည်။

              ဦးနှောက်၏ ရှေ့ပိုင်း (Frontal Lobe) သို့မဟုတ် နားထင်ဘေးဘက်ပိုင်း (Temporal Lobe) များ

သည် စိတ်ခံစားမှုကိုထိန်းချုပ်ခြင်း (Emotional Control)၊ အမှားအမှန် ဝေဖန်ပိုင်းခြားခြင်း (Judgment)၊ ကိုယ်ကျင့်သိက္ခာ နှင့်အပြုအမူကို ထိန်းညှိခြင်း (Inhibition) များအတွက် တာဝန်ယူထားကြပါသည်။ ထို နေရာများထိခိုက်ပျက်စီးလာသည့်အခါ စိတ်မြန်၊ စိတ်တိုလာခြင်း၊ သံသယစိတ်များလာပြီး စွပ်စွဲပြောဆို ခြင်း များဖြစ်လာပါသည်။ ဒီမင်းရှားရောဂါ အမျိုးအစားများစွာရှိသည့်အနက် အယ်ဇိုင်းမားဒီမင်းရှား (Alzheimer’s dementia) ဖြစ်လျှင် များသောအားဖြင့် မှတ်ဉာဏ်သည် အဓိက စတင်ထိခိုက်ပျက်စီးကြပါ သည်။  ဦးနှောက်တွင်း သွေးကြောပိတ်ခြင်း၊ ပေါက်သွားခြင်းတို့ဖြစ်၍ ဆိုင်ရာအပိုင်းများထိခိုက်ပျက်စီး သွားမှုကြောင့် နောက်ဆက်တွဲဖြစ်လာရသည့် Vascular Dementia မျိုးဖြစ်လျှင် ဦးနှောက်၏နေရာပေါ် မူတည်ပြီး လူနာ၏ စရိုက်အမူအကျင့်များ ပြောင်းလဲလာခြင်းကိုတွေ့ရပါသည်။ Lewy Body Dementia အမျိုးအစားတွင်မူ စိတ်ချောက်ချားခြင်း (Hallucinations)၊ အမှန်ကိုမမြင်နိုင်ခြင်း (Delusion) နှင့် တစ်ဖက် လူကို မယုံကြည်ခြင်း (Paranoia) များကို ပိုမို သိသာထင်ရှားစွာ တွေ့ရတတ်ပါသည်။

            အသက်အရွယ်တူ၊ ရောဂါတူသော်လည်း တစ်ဦးချင်းစီ၏ မူလစိတ်နေစိတ်ထား၊  ဖြတ်သန်းခဲ့ရ သည့် အတွေ့အကြုံများ နှင့် လက်ရှိခန္ဓာကိုယ်၏ ဟော်မုန်းအပြောင်းအလဲများပေါ်မူတည်ပြီး တစ်ဦး နှင့် တစ်ဦး လက္ခဏာပြမှုများသည် ကွဲပြားနိုင်ပါသည်။ ရောဂါမဖြစ်မီက စည်းကမ်းကြီးသူများ၊ အရာရာကို စနစ် တကျ ရှိစေချင်သူများ၊ ကိုယ်တိုင်လုပ်ရမှကျေနပ်တတ်သူများသည် ရောဂါဖြစ်လာသည့်အခါ မိမိစိတ်တိုင်း ကျ ပြုမူထိန်းချုပ်လုပ်ကိုင်နိုင်စွမ်းမရှိတော့သည့်အတွက် ပိုပြီး မကျေနပ်စိတ် များလာကြသည်။ စိုးရိမ်စိတ်ပို များလာသည်။ အမှန်တရားကိုဆင်ခြင်သုံးသပ် သိမြင်နိုင်ခြင်းမရှိတော့သည့်အခါ တစ်ပါးသူကို စွပ်စွဲ အပြစ် တင်သည့် ဘက်ကို ရောက်သွားကြခြင်းဖြစ်သည်။ မိသားစုဝင်များ၊ ပြုစုနေကြသူများအနေဖြင့် အခြား ကျန်းမာသန်စွမ်းနေကြသည့် သက်တူ ရွယ်တူ သက်ကြီးများနှင့် ယှဉ်ကာ “ ဘာဖြစ်လို့ ငါ့အမေ၊ ငါ့အဖွားကျမှ ဒီလိုဖြစ်ရတာလဲ” ဆိုသည့် အတွေး မျိုးနှင့် စိတ်ဖိစီးမှုဖြစ်ကာ ပင်ပန်းနေခြင်းမျိုးကား မဖြစ်သင့်ပါ။ ရောဂါ ဟူသည် မည်သူမျှမလိုချင်သည့်အရာ တစ်ခုဖြစ်ပါသည်။ ဖြစ်လာသည့်အနေအထေားတစ်ခုကို မိမိအနေဖြင့် အကောင်းဆုံး ကြိုးစားပြီး လုပ်ပေးနေသည်ဟု ခံယူယုံကြည်ထားရန်လိုပါသည်။

              ဒီမင်းရှားရောဂါရှင်များသည်  တစ်ဖက်လူကို သံသယစိတ်နှင့် စွပ်စွဲလာကြသည့်အခါ တချို့ မိသားစု ဝင်များအနေဖြင့် ဒီမင်းရှားကနေပြီး စိတ်ရောဂါအဖြစ်ပြောင်းသွားခြင်းလား၊ စိတ်ဖောက်ပြန် သွားခြင်းလား စသည်ဖြင့် မေးလာတတ်ကြသည်။ အမှန်အားဖြင့် စိတ်ရောဂါအဖြစ်ပြောင်းသွားခြင်းမဟုတ်ပါ။ ဆေးပညာ အနေဖြင့် ဒီမင်းရှား (အယ်ဇိုင်းမား) ရောဂါ၏နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ (Behavioral and Psychological Symptoms of Dementia – BPSD) ဟု သတ်မှတ်ကြပါသည်။ အယ်ဇိုင်းမား ရောဂါရှင် ၄၀% မှ ၅၀% သည် ရောဂါရင့်လာသည့်အခါ စိတ်ဝေဒနာ (Psychosis) လက္ခဏာများ ပြလာတတ်ကြ ပါသည်။ ထိုသို့ ဒီမင်းရှားရောဂါကြောင့် သူတစ်ပါးအပေါ်မဟုတ်မမှန် စွပ်စွဲခြင်း၊ ဒေါသထွက်ခြင်း (Agitation) တို့ အတွက် “ ဦးနှောက်၏ ဓာတုဗေဒ အပြောင်းအလဲ” ကိုချိန်ညှိရန် Anti-psychotic သို့မဟုတ် Mood stabilizer ဟု ခေါ်သည့် စိတ်ငြိမ် ဆေးများ၊ စိုးရိမ်စိတ်လျော့ကျစေသည့်ဆေးများ ( Anxiolytics) စသည်ဖြင့် လိုအပ်သလို ကုသပေးနေသည့် ဆရာဝန်က ဆေးများကိုထည့်ပေးနိုင်ပါသည်။ သို့သော် စိတ် ဝေဒနာရှင်များကဲ့သို့ ဆေးပြင်းအား (dose) ကို များစွာသုံးစရာမလိုအပ်ပါ။ သံသယစိတ်နှင့် အမျိုးမျိုး စွပ်စွဲ လာခြင်း ဖြစ်ကြသည့်အခါ ဆေးဝါးမသုံးသည့်နည်း (Non-drug management) အပြင် သင့်တော်သည့် ဆေးဝါးများကိုပါ တွဲဖက်သုံးမှသာ ပြုစုကုသရခြင်းလွယ်ကူတတ်ပါသည်။ ထို့ကြောင့် ဆရာဝန်နှင့် စောလျင် စွာတိုင်ပင်ဆွေးနွေးပြသကြပြီး ကုသမှုခံယူကြရန်လိုပါသည်။ ဆရာဝန်နှင့်ပြသခြင်းအားဖြင့် ရုတ်တရက် စိတ်ပြောင်းလဲကာ ဂယောင်ချောက်ချားဖြစ်ခြင်း (acute delirium) မျိုး ဟုတ်မဟုတ်ကိုလည်း စမ်းသပ် စစ်ဆေးကာ လိုအပ်သောကုသမှုကိုပါရယူနိုင်မည်ဖြစ်ပါသည်။

               မကြာခဏ မဟုတ်မမှန်စွပ်စွဲ ပြောဆိုခံလာသည့်အခါ အနီးကပ် ပြုစုနေရသူများအတွက် စိတ်ဖိစီးမှု (Caregiver Stress) ရှိလာကြပါသည်။ သို့သော်လည်း ဝေဒနာရှင်၏စွပ်စွဲစကားများသည်သူတို့၏ တကယ့် စိတ်ရင်းမဟုတ်ခြင်း ဆိုသည့်အချက်ကို အမြဲ နှလုံးသွင်းထားပေးရန်လိုသည်။ မခံချင်စိတ်ဖြင့် “ ဘာလို့ ငါ့ကိုဒီလို မဟုတ်မတရား စွပ်စွဲနေရတာလဲ” ဟုလည်းမေးခွန်းထုတ်ကာ ပြိုင်၍လည်း မဖြေရှင်းနေပါနှင့်။ မိမိစိတ်ကို လျော့ပြီး သည်းခံ နားလည် စိတ်ရှည်ကာ လိုက်လျောညီထွေ လုပ်ပေးခြင်းက မကျေနပ်နေသည့် စိတ်ကို လျော့ကျသွားစေပါသည်။ အထူးသဖြင့် လူအများရှေ့မှာ မိမိကိုမဟုတ်မမှန်ပြောဆို စွပ်စွဲခံရသည့် အခါ အခံရခက်သည်။ ပိုဆိုးသည်။ အရှက်ရခြင်း၊ ဝမ်းနည်းမိခြင်း၊ မခံမရပ်နိုင်စိတ်ဖြင့်ဒေါသဖြစ်ရခြင်း၊ ကိုယ့် ဖက်မှစေတနာအပြည့်ဖြင့် အပင်ပန်းခံကာ ပြုစုစောင့်ရှောက်ပေးနေခြင်းမှာ အဖတ်မတင်ဘဲ အသိ အမှတ် ပြုခြင်းမခံရသည့်အပြင် အပြစ် ဖြစ်နေသလို ခံစားလာရခြင်းဖြစ်တတ်ပါသည်။ အထူးသဖြင့် လုပ်ခ ငွေကြေးဖြင့် လူနာပြုစုစောင့်ရှောက်မှု ပြုပေးနေသူအား ဒီမင်းရှားဝေဒနာရှင်က မဟုတ်မမှန် ယိုးစွပ်သည် ကို လူနာရှင် မိသားစုဝင်များကပါ အမှန်ဟု ထင်ကာ ပြုစုနေသူဖက်မှကူညီရပ်တည်ပေးခြင်း မရှိသည့်အခါ ဝေဒနာရှင်ကို ဆက်လက်ပြုစုပေးရန်မှာ အလွန် ခက်ခဲသွားပါပြီ။ အထူးသဖြင့် မိသားစုဝင်များသည် မိမိ၏ လုပ်ငန်း ဆောင်တာ ကိစ္စအရပ်ရပ်ဖြင့် အလုပ်များနေကြပြီး လူနာပြုစုစောင့်ရှောက်မှုအပိုင်းကို ငှားရမ်းထား သည့် ပြုစုသူဖြင့် လုံးဝလွှဲထားကာ မိမိတို့ လူနာ၏ ရောဂါအခြေအနေမှန်ကိုမသိသည့်အခါမျိုးတွင် ထိုသို့ ဖြစ်တတ်ပါသည်။ နေရာတွင် ပြုစုစောင့်ရှောက်သူကောင်းတစ်ယောက် မပီသသော၊ အရည်အချင်း မပြည့်ဝသော၊ စိတ်မရှည် သည်းမခံနိုင်ဘဲ ဒေါသအလျောက်တုံ့ပြန်တတ်သော၊ ပြုစုသူများ၏ ဒီမင်းရှား ဝေဒနာရှင်များအပေါ်တွင် ကွယ်ရာ မဖြစ်သင့်သော အနိုင်ကျင့် နှိပ်စက်ခြင်း (abuse) လုပ်နေခြင်း ဟုတ်မဟုတ်ကိုလည်း သတိထားစောင့်ကြည့်ရန်လိုအပ်ပါသည်။

            တချို့လူနာရှင်များမှာ ဤသို့သောစိတ်ရောဂါအခြေအနေမျိုး မည်မျှလောက်ကြာကြာ ဖြစ်နေ မည် နည်းဟု မေးလာတတ်ကြပါသည်။ အချိန်ကာလဖြင့် တိကျစွာသတ်မှတ်ပြောဆိုရန်ခက်ပါသည်။ ပြစုသူ မိသားစုဝင်များ၏ စွမ်းဆောင်နိုင်မှု၊ ဒီမင်းရှားရောဂါအမျိုးအစား၊ ရောဂါအဆင့်၊ သုံးစွဲနေသည့် ဆေးဝါးများ အပေါ် တုံ့ပြန်မှု စသည့်အချက်များပေါ်တွင်မူတည်ပါသည်။ ဒီမင်းရှားရောဂါသည် ကြာလာသည်နှင့် အဆင့် လိုက် ပြောင်းလဲနေခြင်းဖြစ်သဖြင့် နောက်ဆုံးအဆင့်ကို ကူးသွားသည့်အခါ သံသယဖြစ်ခြင်း စွပ်စွဲခြင်းများ သည် ငြိမ်သွားတတ်ကြပါသည်။ တချိန်တည်းမှာ ဝေဒနာရှင်သည် စကားကို ကောင်းစွာ မပြောနိုင်တော့ခြင်း၊ မိမိအိမ်သူအိမ်သားများကိုပင် မမှတ်မိတော့ခြင်းများ ဖြစ်လာတတ်ပါသည်။ ထိုသို့ပြောင်းလဲသွားခြင်းသည် ရောဂါအမျိုးအစားနှင့် ရောဂါဖြစ်နေသည့်ကာလပေါ်မူတည်ပြီး လပိုင်းနှင့်လည်း ဖြစ်နိုင်သကဲ့သို့၊ နှစ်အတော် ကြာမှလည်းဖြစ်နိုင်ပါသည်။

            တချို့ဝေဒနာရှင်များသည် အပြင်သူစိမ်းဧည့်သည်များလာလျှင် ပြုစုနေသူများက မိမိကိုမတော် မတရား အမျိုးမျိုး လုပ်နေကြသည်ဟု တိုင်တန်းပြောဆို ယိုးစွပ်တတ်ကြသည်။ အတူနေသမီးငယ်၏ ပင်ပန်း ကြီးစွာပြုစုမှုကို ရယူနေသည့် ဒီမင်းရှားမိခင်သည် ရပ်ဝေးမှခဏရောက်လာသည့်သမီးကြီးကို သမီးငယ်က သူ့ကိုဘယ်လိုလုပ်နေကြောင်းစသည့် မကောင်းခြင်းများကိုသာ ပြောဆိုနေသည်ကိုလည်း တွေ့ဖူးသည်။ တကယ်အားဖြင့် မှန်သည်မှားသည်မသိဘဲ စိတ်ထဲထင်ရာဖြင့် ဖြစ်နေသည့်စိုးရိမ်မှု၊ ကြောက်ရွံ့မှုတို့ကို တခြားတစ်ယောက်ကို အားကိုးရှာကာ ပြောနေသည့်သဘောမျိုးဖြစ်ပါသည်။ ပြုစု ပေးနေသူအနေဖြင့် မိမိကို တမင်သက်သက်အရှက်ခွဲခြင်းဟု မခံချင်စိတ်မဖြစ်ပါနှင့်။ ဒီမင်ရှား ရောဂါ ရှိနေကြောင်းကို သူတို့ သိထားပြီး ဖြစ်လျှင် ရောဂါကြောင့် ထိုသို့ပြောနေခြင်းဟု နားလည်ကြမှာပါ။ မသိကြသေးသူ အပြင်လူများဖြစ်လျှင် “ အမေက / အဖွားက အခုတလော ရောဂါအခြေအနေကြောင့် စိတ်ထဲရှိတာတွေ လျှောက်ပြောတတ်တယ်၊ ကျွန်မကိုလည်း ခဏခဏ မဟုတ်တာတွေနဲ့ စွပ်စွဲတတ် လာပါတယ်” စသည်ဖြင့် ကြိုတင်ပြီး ပွင့်ပွင့်လင်းလင်း ပြောထားလိုက်ခြင်းဖြင့် မိမိမှာ အရှက်ရစရာ မဖြစ်တော့ဘဲ မိမိ၏ခက်ခဲစွာ လုပ်နေရသည့်အနေအထားကို နားလည်နိုင်သွားကြမည် ဖြစ်ပါသည်။ ဝေဒနာရှင်ရှေ့တွင် ပြောပြရန် ခက်နေ ပါက သူတို့ကို စာရေးပြပြီး အသိပေးနိုင်ပါသည်။ ဝေဒနာရှင်က စွပ်စွဲစကား စပြောပြီဆိုသည်နှင့် အကြောင်းအရာ တစ်ခုကို ချက်ချင်း စကားလမ်းကြောင်း လွှဲပြောင်းပေး လိုက်ပါ။ သို့မှသာ ဤအကြောင်းအရာကို ထပ်တလဲလဲပြောနေသဖြင့် စိတ်အနှောင့်အယှက် မဖြစ်နိုင်တော့ ပါ။ ဟာသဉာဏ်ရွှင်သူဖြစ်ပါက ရီစရာသဘောမျိုးလုပ်လိုက်ပါက စွပ်စွဲပြောဆိုနေမှု၏လေးနက်မှု ကို လျော့ကျသွားစေကာ စိတ်ပေါ့ပေါ့ပါးပါးနှင့် လွယ်ကူစွာ ရှေ့ဆက်နိုင်ပါမည်။ ဆရာဝန်နှင့် တိုင်ပင်ပြီး လူနာ၏သံသယစိတ်ကို လျှော့ချပေးမည့် ဆေးဝါးများကို လိုသလိုညှိပေးခြင်းဖြင့် သက်သာသွားပါက နှစ်ဦးနှစ်ဖက် စိတ်ပင်ပန်းမှုကို များစွာ လျော့နည်းသွားစေနိုင်ပါသည်။ ဤသို့သော အခြေအနေမှာ လက်တွေ့ ပြုစုစောင့်ရှောက်မှုပေးနေသူကို လူနာရှင်၏မိသားစုဝင်များက နားလည်ပေးနိုင်ရန်အရေးကြီးပါသည်။

              အထူးသတိပေးချင်သည်မှာ ရေရှည် ပြုစုနေသူတစ်ယောက်အနေဖြင့် မိမိ၏ဂုဏ်သိက္ခာကို ထိခိုက် စေသည့် စွပ်စွဲချက်များကို နေ့စဉ်ရက်ဆက် တွေ့ကြုံနေရသည့်အခါ “ မခံနိုင်တော့ဘူး” ဟု ခံစားလာရခြင်း သည် လူသားဆန်သည့် ခံစားချက်အဖြစ် နားလည်ပေးကြရန်ဖြစ်ပါသည်။ ဆေးပညာအမြင်ဖြင့် ပြုစုသူ၏ စိတ်ကုန်ခြင်း အခြေအနေ (Caregiver Burnout) လက္ခဏာ တစ်ခုပါ။ ထိုအခါ သင့်လျော်သော အနားပေးမှု မျိုးကို ပေးရန်လိုသည်။ ပြုစုသူတစ်ယောက်နှင့် မလုံလောက်ပါက နှစ်ယောက်ထားရန် လိုပါလိမ့်မည်။ မဟုတ်ပါက လုပ်အားခပေး၍ပြုစုရန် ခေါ်ထားသူများဖြစ်လျှင် မကြာခဏ အလုပ်မှ ထွက်သွားခြင်းကြောင့် ပြုစုမည့်သူရရန် အခက်အခဲရှိလာတတ်ပါသည်။ မိသားစုဝင်များ အနေ ဖြင့်လည်း ဝေဒနာရှင်အတွက်  သီးသန့်ပြုစုပေးမည့်သူမရနိုင်သည့်အခါ လူအိုရုံ၊ သက်ကြီးရိပ်သာနှင့် ဂေဟာများသို့ ပို့ထားရန် စဉ်းစား လာရသည့်အခြေအနေမျိုးရောက်သွားတတ်ပါသည်။ လူနာ၏ သံသယ စိတ်ကို လျှော့ချ ထိန်းပေးမည့် ဆေးများသည်ထိရောက်မှုရှိပြီး စနစ်တကျသုံးစွဲလျှင် ဘေးထွက်ဆိုးကျိုးမှာလည်း နည်းပါးသဖြင့် ဆရာဝန် နှင့်တိုင်ပင်ကုသမှုခံယူရန် ဝန်မလေးသင့်ကြကြောင်း အကြံပြုပါရစေ။

            မိမိတို့ချစ်ရသည့် ဒီမင်းရှားဝေဒနာရှင်များကို ဆက်လက်ပြုစုစောင့်ရှောက်မှုပေးနိုင်ကြပါစေ။

            မေတ္တာမွန်ဖြင့်…ဒေါက်တာသန်းထွန်းအောင်