(ဒေါက်တာသန်းထွန်းအောင်)
ဒီမင်းရှား (Dementia) ဝေဒနာရှင်တချို့တွင် မလျော်ကန်သော လူမှု/လိင်ပိုင်းဆိုင်ရာ အပြုအမူများ (Inappropriate Social/Sexual Behaviors – ISB) ဖြစ်ပေါ်လာခြင်းသည် ဒီမင်းရှားရောဂါ၏ လက္ခဏာ တစ်ခုဖြစ်တတ်ပါသည်။ ဒီမင်းရှားရောဂါရှိသူများ၏ဖြစ်ပေါ်တတ်သော အပြုအမူ ပြောင်းလဲ ဖောက်ပြန်မှုများတွင် ISB မှာ အဆိုးဆုံးနှင့်ကိုင်တွယ်ရအခက်ဆုံးဖြစ်သည်။ ISB လက္ခဏာများ ပေါ်လာပါက မိသားစုဝင်များနှင့် ပြုစုစောင့်ရှောက်ကြရသူများမှာ အလွန်စိတ်ပင်ပန်းကြရသည်။ စိတ်အနှောင့် အယှက်ဖြစ်စရာ၊ ရှက်စရာ၊ စိုးရိမ်စရာ ဖြစ်စေသည်။ ရောဂါကုသမှုပေးနေသည့် ဆရာဝန်များ အနေဖြင့်လည်း ကြီးမားသည့်စိန်ခေါ် မှု တစ်ရပ်ဖြစ်သည်။
ISB သည် ဒီမင်းရှားရောဂါ ပိုဆိုးလာသည့်အခါ ပေါ်လာတတ်သည်။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုပြီးအဖြစ်များသည်။ အဘယ်ကြောင့် ဆိုသော် လိင်စိတ်ကို ထိန်းချုပ်သော ဟော်မုန်း (Testosterone) သည် အမျိုးသားများတွင် ပိုမို များပြားပြီး၊ အသက်ကြီးလာသည့်တိုင် အမျိုးသမီးများထက် ပိုမိုကြာရှည်စွာ လွှမ်းမိုးမှု ရှိနေနိုင်ခြင်းကြောင့်ဖြစ်သည်။ အမျိုးသားများတွင် အဖြစ်များသော ISB ပုံစံများမှာ မိန်းခလေးများကို မဆီလျော်သော ကိုင်တွယ်မှုများပြုလုပ်ရန်ကြိုး စားခြင်း၊ ကျားအင်္ဂါကို ထိတွေ့ကိုင်တွယ်ပေးရန် တောင်းဆိုခြင်း၊ ချစ်ကြိုက်မှု နှင့် လိင်ပိုင်း ဆိုင်ရာ စကားများပြောဆိုခြင်း၊ အနီးကပ်လိုက်နေခြင်း နှင့် လိင်အင်္ဂါကို ပြသခြင်းတို့ ပြုတတ်ကြသည်။ အမျိုးသမီးများတွင် အဖြစ်များသော ISB ပုံစံများမှာ ဖော်ချွတ်ပြလိုသည့်သဘောဖြင့် ဝတ်ထား သည့်အဝတ်များကို မကြာခဏချွတ်ပြီး ကိုယ်လုံးတီးနေခြင်း၊ ကိုယ့်ကိုယ်ကို ကာမဆန္ဒ တက်ကြွ ရယူလိုမှုပုံစံဖြင့် ပွတ်သပ်ကိုင်တွယ်ခြင်း (Auto-manipulation)၊ လူနာများ သို့မဟုတ် ဝန်ထမ်း များနှင့် ရင်းနှီးလွန်းစွာထိတွေ့ နိုင်ရန်ကြိုးစားခြင်း၊ (အမျိုးသမီးချင်း ဖက်နမ်းခြင်း၊ အနမ်းခံလိုခြင်း) စသည်ဖြင့် တွေ့ရတတ်သည်။
ဒီမင်းရှား ဝေဒနာရှင်တို့တွင် ISB လက္ခဏာများပေါ်လာခြင်းနှင့်ပတ်သက်ပြီး တိကျသေချာစွာ နားမလည်သေးသော်လည်း ဆက်စပ်နေသည့်အကြောင်းရင်းများစွာရှိနိုင်သည်ဟု ယူဆကြသည်။ လူတိုင်းသည် မိမိနှင့်ချစ်ခင်ရင်းနှီးပြီး မိမိအတွက်စိတ်ပျော်ရွှင်ချမ်းသာစေမှုပေးနိုင်သည့်သူများကို လိုချင်ကြသူချည်းပင်ဖြစ်သည်။ ဒီမင်းရှားဖြစ်သူများအနေဖြင့် သူတို၏ ရင်းနှီးချစ်ခင်စွာနေချင်မှု လိုအပ်ချက် (Need for affectionate closeness) ကို လူမှုပတ်ဝန်းကျင်အခြေအနေနှင့် သင့်တော် သည်၊ မသင့်တော်သည်ကို မှန်ကန်စွာ ဆင်ခြင် ထိန်းချုပ်နိုင်စွမ်းမရှိသည့်အခါ မလျော်ကန်သော လိင်ပိုင်းဆိုင်ရာ အပြုအမူများဖြင့် ဖော်ပြလာခြင်းမျိုး ဖြစ်လာတတ်သည်။ ထိုအခါ သူတို့ပြောဆို သည့် စကား၊ လုပ်သည့်အပြုအမူများသည် သာမန်လူများအနေဖြင့် နားလည်မှုပေးရန်၊ သည်းခံ ခွင့်လွတ်ပေးရန် အခက်အခဲ ရှိသည်။ ဒီမင်းရှားကြောင့် ဦးနှောက်၏ အချို့သောအစိတ်အပိုင်းများ ပျက်စီးသွားသည့်အခါ လူ့ ယဉ်ကျေးမှု စည်းကမ်းသတ်မှတ်ချက်များနှင့် သူတို့၏ကိုယ်ပိုင် လိုအင် ဆန္ဒများ အပေါ် တုံ့ပြန်မှုများကို တားမြစ်ထိန်းချုပ်နိုင်စွမ်း (Inhibitions) ဆုံးရှုံး ကျဆင်းသွားခြင်း ကြောင့်ဖြစ်သည်။ တချို့ သော ဒီမင်းရှားဝေဒနာရှင်များသည် မိမိအား ပြုစုစောင့်ရှောက်သူများကို သူတို့၏ အိမ်ထောင်ဖက် သို့မဟုတ် ရင်းနှီးသူများဟု စိတ်ရှုပ်ထွေးမှု (Confusion) နှင့် မှားယွင်းစွာ မှတ်ယူမှု (Misidentification) တို့ကြောင့် ISB အပြုအမူများပေါ်လာခြင်းဖြစ်တတ်သည်။ ပျင်းရိ ငြီးငွေ့ခြင်း (Boredom) သို့မဟုတ် နေရ ထိုင်ရ မသက်မသာဖြစ်ခြင်း (Discomfort) တို့ကို ထို ISB အနေဖြင့် ဖော်ပြခြင်းလည်းဖြစ်နိုင်သည်။
ဝေဒနာရှင်တို့၏ ခံစားနေကြရသော ဒီမင်းရှား ရောဂါအမျိုးအစားနှင့် ဦးနှောက်၏ ထိခိုက် ပျက်စီးသွားသည့်နေရာ မတူညီခြင်းတို့ကြောင့် ဖြစ်လာသည့်လက္ခဏာများသည်လည်း တစ်ဦးနှင့် တစ်ဦး မတူညီကြပါ။ ဦးနှောက် ၏ ရှေ့ပိုင်း (Frontal Lobe) ထိခိုက်မှုကြောင့် ဖြစ်လာ သည့် Fronto-Temporal Dementia (FTD) တွင် အခြားဒီမင်းရှား အမျိုးအစားများထက် ISB ဖြစ်နိုင်ခြေ များပါသည်။ မှတ်ဉာဏ်ဆုံးရှုံးမှု (Memory Loss) အဓိကဖြစ်စေသည့် Alzheimer’s Disease ဒီမင်းရှား တွင် ISB ဖြစ်နိုင်ခြေရှိသော်လည်း FTD လောက် အဖြစ်မများပေ။ အများစုမှာ စိတ်ရှုပ် ထွေးမှု (Confusion) သို့မဟုတ် အာရုံလွဲမှားမှုကြောင့်သာ ဖြစ်တတ်ကြပါသည်။ လေဖြတ်ခြင်း သို့မဟုတ် သွေးကြောဆိုင်ရာပြဿနာကြောင့် အဓိကဖြစ်သော Vascular dementia အမျိုးအစား တွင် ISB ဖြစ်နိုင်ခြေသည် ဦးနှောက်၏ ထိခိုက်သွားသော နေရာပေါ် မူတည်ပြီး ကွာခြားနိုင်ပါသည်။ ရောဂါဆိုးဝါးလာမှုအဆင့် (Stage of Disease)၊ ပတ်ဝန်းကျင်အခြေအနေ၊ တစ်ဦးချင်း၏ နေ့တိုင်း လုပ်ရိုးလုပ်စဉ်၊ ပြုစုစောင့်ရှောက်မှုပုံစံ စသည်တို့ကလည်း သူတို့၏အပြုအမူကို လွှမ်းမိုးပါသည်။ ဝေဒနာရှင်၏မူလစိတ်နေစိတ်ထား ကိုယ်ရည်ကိုယ်သွေး (Premorbid Personality) အနေဖြင့် လိင်ပိုင်းဆိုင်ရာဆန္ဒပြင်းပြသူ (High Sexual Interest)၊ လူမှုစည်းကမ်းချက်များကို ဂရုမစိုက် တတ်သူ ဖြစ်ခဲ့လျှင်၊ ဒီမင်းရှား ဖြစ်လာသည့်အခါ ထိုအပြုအမူများက ပိုမို မလျော်ကန်သော ပုံစံဖြင့် ပေါ်ထွက်လာနိုင်ပါသည်။ လူမှုရေးအရ ပွင့်လင်းလွန်းသူ၊ အာရုံစူးစိုက်မှု လိုချင်သူ ဖြစ်ခဲ့လျှင်လည်း ရောဂါဖြစ်လာသည့်အခါ မလျော်ကန်သော အပြုအမူများကို အာရုံစူးစိုက်မှုရရန် နည်းလမ်းတစ်ခု အဖြစ်သုံးခြင်းမျိုးဖြစ်လာနိုင်သေးသည်။ သို့သော်လည်းဒီမင်းရှားကြောင့် ဦးနှောက်ကိုတိုက်ရိုက် ထိခိုက်ပျက်စီးပြီး ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခြင်းသည်သာ ISB ၏ရောဂါဗေဒအကြောင်းရင်းပါ။
ISB ကို ကြုံတွေ့ရသည့်အခါ ရောဂါကြောင့်ဆိုသည်ကို ပြုစုစောင့်ရှောက်သူများသည် သတိရ ပြီး၊ သဘောထားကြီးစွာဖြင့် စိတ်တည်ငြိမ်စွာတုံ့ပြန်ဆောင်ရွက်သင့်ပါသည်။ အော်ဟစ်လိုက်ခြင်း သို့မဟုတ် အပြစ်တင်ခြင်းက သူတို့ကိုပိုပြီး စိတ်ရှုပ်ထွေးစေနိုင်၊ စိတ်တိုစိတ်ဆိုးစေနိုင်သည်။ “ ဒါမျိုး မလုပ်ရဘူး” ဆိုသည့် တိုတိုနှင့်ခပ်ပြတ်ပြတ်ပြောခြင်းက သူ၏အပြုအမူကို တစ်ခါတစ်ရံ ရပ်တန့်သွားစေနိုင်သည်။ တချိန်တည်းမှာ အခြားအကြောင်းအရာတစ်ခု (ဥပမာ-သီချင်းနားထောင် ခြင်း၊ လမ်းလျှောက်ထွက်ခြင်း၊ ကိစ္စတစ်ခုခု လုပ်ခိုင်းခြင်း) သို့ အာရုံပြောင်းပေးပါ။ အခြေအနေ ပေါ်မူတည်၍ လက်ဆွဲနှုတ်ဆက်ခြင်း သို့မဟုတ် ကျောကိုပွတ်သပ်ပေးခြင်း စသည့် သင့်တော်ရာ အပြုအမူများဖြင့် သနားကြင်နာမှုပါသော ကာယကံမြောက် ထိတွေ့ နွေးထွေးမှု (warmly physical touch) ကိုလုပ်ပေးကြည့်နိုင်ပါသည်။ သူတို့၏ ISB အပြုအမူများ အဖြစ်များတတ်သည့်အချိန်၊ နေရာ၊ အနေအထား တို့ကိုလည်း လေ့လာမှတ်သားထားကာ ISB ကို ဖြစ်ပေါ် စေသော အစပျိုး နှိုးဆွနိုင်ချက်များ (Triggers) ကို သိအောင်လုပ်ထားရပါမည်။ သို့မှသာ ထို အခြေအနေများကို နောက်ထပ်မဖြစ်စေရန် တတ်နိုင်သမျှ ရှောင်ရှားနိုင်မည် ဖြစ်သည်။
ဤနေရာတွင် ပြုစုစောင့်ရှောက်မှုပေးသူများ၏ အနေအထိုင်၊ ဝတ်စားဆင်ယင်မှုတို့မှာ သူတို့ အတွက် (Triggers) မဖြစ်စေရန် သတိပြုရမည်။ ဥပမာ လည်ပင်းဟိုက်နေသော၊ ခါးတိုသော၊ အင်္ကျီ ဝတ်စုံဒီဇိုင်းသည် ခါးကုန်း၍ ခေါင်းငုံ့၍ လုပ်ကိုင်ရသည့်အခါ အဆင်မပြေ ဖြစ်တတ်ရာ စိတ်လုံခြုံမှုပိုင်းတွင် မလိုအပ်ဘဲ အခက်အခဲနှင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။ အာရုံ စူးစိုက်မှု ပျက်ပြားစေနိုင်သည်။ အထူးသဖြင့် ဒီမင်းရှား (Dementia) ရှိသူ ၏ ISB နှင့် ကြုံတွေ့ ရ သည့် အခြေအနေမှာဆိုလျှင် ပိုပြီး အရေးကြီးပါသည်။ မရည်ရွယ်ဘဲနှင့် သူတို့ အတွက် Trigger လည်း ဖြစ်သွားနိုင်သည်။ ပြုစုသူ၏အဝတ်အစား သို့မဟုတ် ဝန်ထမ်းဝတ်စုံသည် သင့်လျော်သော အသွင်အပြင် နှင့် ပရော်ဖက်ရှင်နယ် (Professional) ဆန်ပြီး လုံခြုံမှုရှိစေရန် လိုအပ်ပါသည်။ အလုပ် လုပ်ရာတွင် သက်သောင့်သက်သာရှိသော (Comfortable Fit) ပုံစံမျိုးလည်း ဖြစ်သင့်သည်။
ISB သည်ရောဂါလက္ခဏာဖြစ်သည့်အတွက် အပြစ်တင်ခြင်းမျိုး မလုပ်သင့်သော်လည်း ISB အပြုအမူကိုမူ ထိန်းချုပ်ရန်လိုအပ်ပါသည်။ လက်တွေ့တွင် ဒီမင်းရှားဝေဒနာရှင်များ၏ ISB ကို ထိန်းချုပ် ဖြေခြင်းကိုင်တွယ်နည်းများကို နားလည်သဘောပေါက်လွယ်စေရန် ဥပမာများဖြင့် ပြောပြလိုပါသည်။ လူနာတို့၌ ဒီမင်းရှားကြောင့် ISB ပေါ်လာသော်လည်း၊ သူတို့တွင် အသိအာရုံ အစိတ်အပိုင်းတချို့ (Partial Awareness) ကျန်ရှိနေပါသေးသည်။ ထို့ကြောင့် သူလုပ်နေသည့် ပုံစံသည် လူမှုရေးအရ လက်မခံနိုင်ခြင်းကို အမူအရာ (ဥပမာ- ချက်ချင်း နောက်ဆုတ်လိုက်ခြင်း၊ လက်ကာလိုက်ခြင်း၊ မျက်နှာထားတင်းမာလိုက်ခြင်း၊ မျက်လုံးချင်းဆုံပြီး ခေါင်းခါပြခြင်း) သို့မဟုတ် ပြတ်သားသောစကားဖြင့် (ဥပမာ- “ မလုပ်ပါနဲ့” ၊ “ ရပ်ပါ” ) အေးဆေးတည်ငြိမ်စွာပြောပါ။ စိတ်ဆိုး ခြင်းမပြုဘဲ မလုပ်ရန်ကိုမူ လေသံပြတ်ပြတ်ဖြင့် ခပ်တင်းတင်း ချက်ချင်းတားလိုက်ပါ။ ထိုသို့ ပြတ်သားသော (သို့သော် ရန်လိုခြင်းမရှိသော) တုံ့ပြန်မှုအားဖြင့် ISB ရပ်တန့်သွားစေနိုင်ပါသည်။ သူ့အနေဖြင့် မမျှော်လင့်ထားသောတုံ့ပြန်မှုဖြစ်၍ သူ့ကိုအံ့အားသင့်စေခြင်း (Surprise)၊ ရှက်ရွံ့စေ ခြင်း (Embarrassment) ဖြစ်ပြီး၊ မူလ ISB မှအာရုံလွဲသွားစေနိုင်သည်။ ပြုစုစောင့်ရှောက်မှု နှင့် အပြုအမူဆိုင်ရာနယ်နိမိတ် (Establishing a Care Boundary) ကို သတ်မှတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ပြုစုသူအနေဖြင့်လည်း မလိုအပ်ဘဲ အလွန်အမင်း ရင်းနှီးသော အနေအထားမျိုးကို ရှောင်ရှားရမည်။ လိင်ပိုင်းဆိုင်ရာစကားများ ပြောဆိုလာသူများကို ထိုသို့ ပြောနေမှု ချက်ချင်း ရပ် သွားစေရန် အေးဆေးတည်ငြိမ်စွာ အာရုံလွှဲပြောင်းခြင်းကိုလုပ်ပါ။ ဥပမာ” ကျန်းမာရေး အကြောင်း ပဲ ပြောရအောင်။ နေ့လယ်စာ ဘာစားချင်လဲ” စသည်ဖြင့် ချက်ချင်း အခြားအကြောင်းအရာသို့ ပြောင်းလဲပြောဆိုပါ။ ဝေဒနာရှင်များမှာ လူမှုရေးဆိုင်ရာနယ်နိမိတ်၊ ပုဂ္ဂလိကကိစ္စနှင့် လူအများ မြင်ကွင်းဖြစ်ခြင်း စသည် တို့ကို သိရှိခွဲခြားနိုင်စွမ်း မရှိတော့သဖြင့်၊ အများမြင်ကွင်းမှာ လိင်အင်္ဂါကို လှစ်ထုတ်ပြသ ခြင်း (Exhibitionism)၊ အများရှေ့တွင် အာသာဖြေဖျောက်ခြင်း (Masturbation in public area) တို့လုပ်လာလျှင် ထို ISB တို့ကို အာရုံစူးစိုက်မှု (Attention) လုံးဝမပေးဘဲ၊ အလေး မထား၊ အားမပေးပုံ (Ignoring the Behavior) ကိုပြခြင်းနှင့်ပတ်ဝန်းကျင်လူအများအတွက်လည်း အနှောက်အယှက်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်းတို့ဖြစ်စေရန် သူ၏အပြုအမူကို မသိကျိုးကျွံ ပြုကာ မသိမသာ ခန်းဆီးဆွဲကာထားလိုက်ပါ။ သူ့အတွက် တကိုယ်ရေလုံခြုံမှု (Privacy) ကိုပေးလိုက်ခြင်း လည်းဖြစ်သွားစေပါသည်။ သူ့အနေဖြင့် သူလိုချင်သောတုံ့ပြန်မှုမျိုး မရလိုက်သည့်အခါ ထိုအပြု အမူများသည် တဖြည်းဖြည်း လျော့ကျသွားနိုင်ပါသည်။ ပြုစုသူ (ဝန်ထမ်း) အနေဖြင့်လည်း ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် ကာကွယ်လိုက်ခြင်းမျိုးလည်း ဖြစ်သွားစေပါသည်။
ဒီမင်းရှား ရှိသူတချို့မှာ ပြုစုမှုရရှိခြင်းကို အခွင့်အရေးတစ်ခုဖြင့်သုံးကာ ISB ကို ဖော်ဆောင် လာတတ်ကြသည်လည်းရှိသည်။ ဒီမင်းရှားမရှိသူများလည်း တခါတရံ ISB ပြနိုင်သည်။ ဥပမာ ရေချိုးသည့်အခါ မလိုအပ်ဘဲမသန့်ရှင်းသေးဟုဆိုကာ (မခိုင်လုံသောအကြောင်းပြချက်ဖြင့်) ပေါင် ခြံကြားနှင့် ထိုနေရာနားတဝိုက်ကို ဆပ်ပြာနှင့်ပွတ်တိုက်ပြီး ထပ်မံ၍ သန့်ရှင်းခိုင်းခြင်းမျိုး ဖြစ်သည်။ ထိုသို့သော ပညာသားပါသည့် ISB သည် ပြုစုသူ ဝန်ထမ်းများအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှု (Emotional & Psychological Stress) အပိုင်းနှင့် စောင့်ရှောက်မှု စံနှုန်း (Standard of Care) အ ပိုင်း နှစ်ခုစလုံးအတွက် အလွန်ကြီးမားသည့် ပြဿနာတစ်ခုဖြစ်ပါသည်။ သန့်ရှင်း ဖြူစင်သော စေတနာဖြင့် ပြုစုပေးနေကြသူများအတွက် အလုပ်လုပ်ရခက်ခဲစေပါသည်။ ထိုကိစ္စကို လုံးဝ တိတ် ဆိတ်မနေဘဲ စီမံခန့်ခွဲသူ (သို့) အကြီးအကဲကို ချက်ချင်းတင်ပြခြင်း (Immediate Escalation) ပြု လုပ်ရမည်။ အကြီးအကဲများအနေဖြင်လည်း ဝန်ထမ်းများ၏ လုံခြုံမှု နှင့် စိတ်ပိုင်း ဆိုင်ရာ ကျန်းမာ ရေး (Mental & Emotional Well-being) ကို ထည့်သွင်းစဉ်းစားပြီး ကူညီပေးရန် အရေးကြီး သည်။ ISB ရှိသောဝေဒနာရှင်အမျိုးသားကို အမျိုးသားဝန်ထမ်း (ရှိပါက) များကသာ ရေချိုးပေးရန်၊ အမျိုးသားဝန်ထမ်းမရှိပါက၊ ရေချိုးပေးစဉ်တွင် မိန်းကလေးဝန်ထမ်း နှစ်ဦးတွဲလျက် ပြုလုပ်ရန် စီစဉ်ပေးခြင်း၊ ရေချိုးစဉ် ISB အနေဖြင့် တောင်းဆိုသည့်နေရာကို အာရုံစိုက် ခြင်းမပြုဘဲ သန့်ရှင်း ရေးကို အချိန်တိုတိုနှင့် လုပ်ဆောင်ရန်ညွန်ကြားခြင်းတို့ လုပ်ပေးရမည်။ လူနာတို့၏ အခွင့်အရေး (Patient Rights) နှင့် ဝန်ထမ်း၏လုံခြုံမှုနှင့်လေးစားခံရမှု (Staff Safety & Respect) ကို မျှတစွာ ရှုမြင်ရမည်။ ဝန်ထမ်းများအတွက် ISB ရှိသော ဒီမင်းရှား ဝေဒနာရှင်များကို ပြုစုနည်း ဆိုင်ရာ အခြေခံသင်တန်း (Training) များကိုလည်း စီစဉ်သင်ကြားပေးကြရမည်။
ISB ပတ်သက်ပြီး ဝေဒနာရှင်မိသားစုများကို ပြောဆိုသည့်အခါ မိသားစု၏ဂုဏ်သိက္ခာကို ထိခိုက်သွားစေနိုင်သည့်အကြောင်းအရာဖြစ်သည့်အတွက် အလွန်သတိထားပြီး ကျွမ်းကျင်ပိုင်နိုင် စွာ ချဉ်းကပ်ရန် လိုအပ်ပါသည်။ သီးသန့်ပြောဆိုခြင်း (Confidential Setting) တွင် ပြောင်းလဲလာ သည့် ရောဂါအခြေအနေကိုအလေးထားခြင်း (Dementia-Focused Approach) ဖြင့် သိသင့်သည့် အကြောင်းအရာကို ပြောပြခြင်း၊ နားလည်မှုပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံခြင်းတို့ ကို အဓိက ထားသင့်ပါသည်။ မိသားစုများထံမှ လူနာရှင်၏ ငယ်ဘဝ ဝါသနာ အလေ့အကျင့် တို့နှင့် လူနာရှင်ကို စိတ်သက်သာရာရစေမည့်နည်းလမ်းများရှိလျှင်လည်း မျှဝေပေးရန် တောင်းဆိုပါ။
အကယ်၍ ISB ပြဿနာ သည် ပိုဆိုးလာလျှင် (သို့မဟုတ်) စောင့်ရှောက်ပြုစုပေးသူများကို စိတ်ဒုက္ခများစွာပေးလာလျှင် ဆိုင်ရာကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်များနှင့်တိုင်ပင်ပြီး ဆေးနှင့် အပြုအမူပိုင်းဆိုင်ရာ ကုသမှုအကူအညီများရယူရန် အရေးကြီးသည်။ ISB ကို ထိန်းချုပ်ရန် တိကျ စွာပြဌာန်းသတ်မှတ်ထားသည့် ဆေးဝါးများ အနေဖြင့် မရှိသေးသော်လည်း၊” Off-Label” အနေနှင့် အသုံးပြုလေ့ရှိသော ဆေးဝါးအမျိုးအစား များစွာရှိပါသည်။ ကုသနေသော ဆရာဝန်အနေဖြင့်လူနာ နှင့် အသင့်တော်ဆုံးဆေးကို ကောင်းကျိုး ဆိုးကျိုး တို့ကို ချိန်ဆကာ ညွန်ကြားပေးပါလိမ့်မည်။ ပြန် လည်ပြသဆွေးနွေးရန် လာရမည့်ရက်ချိန်းကိုလည်း ပေးပါလိမ့်မည်။ အများအားဖြင့် အာရုံလွှဲခြင်း စသည့် ဆေးဝါးမသုံးဘဲ အပြုအမူဆိုင်ရာကုသမှု (Non-Pharmacological treatment) ကို ပထမ အဆင့်ဖြင့် စမ်းသပ်လုပ်ဆောင်ကြည့်ခြင်းကလည်း အတိုင်းအတာတစ်ခုထိ အကျိုးများပါသည်။





