(ဒေါက်တာသန်းထွန်းအောင်)
ဒီမင်းရှား (Dementia) ဝေဒနာရှင်များသည် နေ့လယ်ခင်းနောက်ပိုင်း၊ ညနေပိုင်း နေဝင်ချိန် သို့မဟုတ် ညပိုင်းတွင် စိတ်ရှုပ်ထွေးမှု (Confusion) ၊ စိတ်ကြွမှု-စိုးရိမ်ပူပန်မှု (Agitation- Anxiety) ၊ ဂနာမငြိမ်ဖြစ်မှု (Restlessness)၊ စိတ်တို ဒေါသထွက်လာမှု (Short temper/Anger)၊ ရန်လိုမှု (Aggression) စသည့်တို့ ဖြစ်လာပြီး အပြုအမူများ ပြောင်းလဲ ပိုဆိုးလာခြင်းကို (Sundowning) ဟု ပြောဆိုကြသည်။ တစ်ခါတစ်ရံ မိမိအိမ်တွင်နေလျက် အိမ်ကိုပြန်ရန်၊ ခြံတံခါး ဖွင့်ခိုင်းပြီး အပြင်ထွက်ရန် တောင်းဆိုတတ်ကြသည်။ အလွန်အမင်း ဂနာမငြိမ်ဖြစ်ပြီး တစ်နေရာ တည်းမှာ ထိုင်မနေနိုင်ဘဲ ရည်ရွယ်ချက်မဲ့ လျှောက်သွားနေခြင်း (Wandering) လုပ်တတ်သည်။ ထိုဖြစ်စဉ်သည် Dementia ရှိသူ အများအပြားတွင် တွေ့ရလေ့ရှိပြီး၊ တစ်ချို့တွင် ညပိုင်း အထိ ဆက်ရှိနေတတ်ပါသည်။ Sundowning Syndrome ကို Alzheimer’s ရောဂါသည်များ၏ အလယ်အလတ်အဆင့် (Middle Stage) နှင့် နောက်ဆုံးအဆင့် (Late Stage) များမှာ အတွေ့ရ အများဆုံးဖြစ်သည်။
Sundowning Syndrome ၏ ဖြစ်ရသည့်အကြောင်းရင်းမှန်ကို သေချာတိကျစွာ မပြော နိုင်သေးသော်လည်း နေအလင်းရောင် မှိန်ဖျော့သွားသဖြင့် ဦးနှောက်၏ နေ့/ည အိပ်စက်နိုးထချိန် စည်းချက် (Circadian Rhythm) ပြောင်းလဲ ပျက်သွားခြင်းနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု သုတေသီ များက ယူဆထားပါသည်။ Dementia ရောဂါကြောင့် ဦးနှောက်၏ ဟိုက်ပိုသလမတ်စ် (Hypothalmus) တွင်ရှိသော Circadian Rhythm ကိုထိန်းချုပ်ထားသည့် Supra-Chiasmatic Nucleus (SCN) ရှိ ဆဲလ်များ (Cells) ပျက်စီးနည်းပါးသွားခြင်းကြောင့် ဖြစ်သည်ဟုဆိုကြသည်။ နေ့လည်နေ့ခင်းတွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားခြင်း၊ လုပ်စရာမရှိဘဲ တစ်ယောက်တည်း ပျင်းရိဖွယ်ရာ နေရသည့်အဖြစ် စသည်တို့နှင့်လည်း ဆက်စပ်နေနိုင်ပါသည်။ သက်ကြီးရွယ်အို တစ်ချို့မှာ ပတ်ဝန်းကျင် အပြောင်းအလဲဖြစ်မှု အထူးသဖြင့် ဆေးရုံတက်ရခြင်း၊ သက်ကြီးဂေဟာ ရိပ်သာ ကဲ့သို့သောနေရာ အခြေအနေသစ်တစ်ခုကို ရောက်ရှိပြီး ညနေခင်းပိုင်း ရောက်လာချိန်မှာ အာရုံခံစားမှု (Sensory Stimulation) လျော့နည်းကာ Sundowning ပိုဖြစ်တတ်ပါသည်။ ဆေးဝါး များ၏ဘေးထွက်ဆိုးကျိုး: သို့မဟုတ် အချို့သော သောက်သုံးနေသည့်ဆေးဝါးများ၏ဆေးအာနိသင် လျော့သွားမှုကြောင့်လည်း စိတ်ရှုပ်ထွေးမှု နှင့် ဂနာမငြိမ်ဖြစ်မှုများ ဖြစ်ပေါ်လာတတ်ပါသေးသည်။ နေထိုင်မကောင်းဖြစ်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ကိုက်ခဲခြင်းစသော ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ ကြောင့်လည်း ညနေပိုင်းမှာ စိတ်အာရုံ ပိုမို ရှုပ်ထွေးလာခြင်းလည်း ဖြစ်နိုင်ပါသည်။ သက်ကြီးများ တွင် ဒီမင်းရှားမရှိပါဘဲ ရုတ်တရက် ထိုသို့ စိတ်ရှုပ်ထွေးဖောက်ပြန်ခြင်း (Acute confusion / Delirium) ဖြစ်ပါက ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေး ပြသသင့်ပါသည်။
Sundowning သည် လက်ရှိ မြင်တွေ့နေရသည့် လူနာ၏ လက္ခဏာများကို စုပေါင်းပြီး အမည်ပေးထားခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် ပြုစုစောင့်ရှောက်သူ (Caregiver) ၏ တွေ့ရှိ ပြောဆိုချက်များပေါ်တွင် မူတည်ပြီး ဆုံးဖြတ်ကြရခြင်း များပါသည်။ Sundowning ဟုအတည်ပြု ပြောနိုင်ရန်နှင့် ကိုင်တွယ်ဖြေရှင်းပေးသင့်သည့်နည်းလမ်းများကို အကြံပြုနိုင်ရန် နေ့လယ်ခင်းမှ ညနေပိုင်းအတွင်း ဒီမင်းရှားဝေဒနာရှင်၏ အပြုအမူ လက္ခဏာများနှင့် ပိုမို ဆိုးရွားလာသည့် ပုံစံ တို့ကို မှတ်တမ်းတင်ထားသင့်သည်။ သို့မှသာ Sundowning ဖြစ်စေရန် နိုးဆွပေးနိုင်သည့် အကြောင်းအရာများ (Triggers) ကို သိနိုင်မည်။ တွေ့နိုင်မည်။ တွေ့သိပါမှ ဖြစ်စေရန် ဆက်စပ် နေသည့်အကြောင်းများကို ဖယ်ရှားပေးနိုင်မည်။ ထို့ကြောင့် ဖြစ်နိုင်ပါက Sundowning ဖြစ်နေချိန် လူနာ၏ စိတ်လှုပ်ရှားမှု ပုံစံ၊ မျက်နှာ အမူအရာ၊ ပြောဆိုပုံ အသံနေ အသံထား၊ အပြုအမူ များကို လက္ခဏာ အပြင်းထန်ဆုံး အဆိုးဆုံး အချိန်၌ ဗီဒီယိုအတိုကလေး ရိုက်ထားသင့်ပါသည်။ ထိုဗီဒီယိုကို လူနာ၏ဂုဏ်သိက္ခာ (Dignity) နှင့် တစ်ကိုယ်ရေ လုံခြုံစိတ်ချရမှု (Privacy) ကို လေးစားမှု ပြုသည့်အနေဖြင့် ဆေးကုသမှုတွင် အထောက်အကူဖြစ်စေဖို့ ဆရာဝန်ကိုသာ ပြသရန် ရည်ရွယ်ချက်ဖြင့် ရိုက်ထားရမည်ဖြစ်ပါသည်။ ထို ဗီဒီယိုမှတ်တမ်းမှ လူနာ၏ အပြုအမူ နှင့် ပြုစုစောင့်ရှောက်သူ ၏ ရင်ဆိုင်ရသည့်အခက်အခဲကို သိမြင်နိုင်ခြင်း၊ ဆေးတိုက်ရ ခက်ခဲပုံ သို့မဟုတ် ထိန်းချုပ်ရ ခက်ခဲပုံများကို မြင်တွေ့ နိုင်ခြင်းတို့ကြောင့် ဆရာဝန် အနေဖြင့်လည်း ဆေးမပါဘဲ ထိန်းချုပ်နိုင်မည့် နည်းလမ်းများ (Non-Pharmacological Interventions) ကို အသေးစိတ် ရှင်းပြပေးနိုင်မည်ဖြစ်ပါသည်။ လိုအပ်မည့် ဆေးအမျိုးအစား နှင့် ဆေးပမာဏ တို့ကိုလည်း ပေးရန်၊ ပြောင်းလဲရန် တိုးလျော့ညှိရန် စသည့် ဆုံးဖြတ်ချက်များ ပြုလုပ်ရန်အတွက် များစွာအထောက်အပံ့ရစေပါသည်။
Sundowning ကို ကုသရာမှာ ဆေးဝါးမဟုတ်သည့် နည်းလမ်းများ (Non-Drug Approaches) ကို သုံးခြင်းက အဓိက အကျိုးရှိစေပါသည်။ Sundowning သည်လူနာ၏ စိတ်ဆန္ဒအရ တမင်လုပ်ခြင်းမဟုတ်ဘဲ ရောဂါလက္ခဏာ တစ်ခုသာ ဖြစ်ကြောင်းကို နားလည်လက်ခံပြီး ချစ်ခင် ကြင်နာမှုအပေါ် အခြေခံလျက် ကိုင်တွယ်ဖြေရှင်းကြရပါမည်။ Sundowning အတွက် နေ့စဉ် ပုံမှန် အချိန်ဇယား (Routine) ထားရှိခြင်းနှင့် ပတ်ဝန်းကျင် အလင်းရောင် ထိန်းချုပ်ခြင်း စသည့် နည်းလမ်းတို့ သည် အထောက်အကူပြုပါသည်။ ထို့ကြောင့် လူနာအတွက် နေ့စဉ် ပုံမှန်အချိန်ဇယား တစ်ခုကို တိတိကျကျ သတ်မှတ်ပေးထားရမည်။ ညဘက် အိပ်ရာဝင်ချိန်နှင့် မနက် အိပ်ရာထချိန် နေ့ဘက်လှုပ်ရှားမှု (Daytime Activity) လုပ်ရန် အချိန်တို့ကို တသမတ်တည်း ထားရှိရန်လိုသည်။ နေ့စဉ် ပုံမှန်အချိန်ဇယားထားလျက် လုပ်ကိုင်စေခြင်းသည် စိတ်ရှုပ်ထွေးမှုကို သက်သာစေသည်။ နေ့ဘက်လှုပ်ရှားမှု (Daytime Activity) ဖြစ်သည့် လမ်းလျှောက်ခြင်း၊ အိမ်မှုကိစ္စပြုလုပ်ခြင်း စသည်တို့ကို များများလုပ်မှသာ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်နိုင်မည် ဖြစ်သည်။ အိပ်မပျော်ခြင်း (Insomnia) သည် ဒီမင်းရှား ဖြစ်သူများတွင် အဖြစ်များသဖြင့် နေ့လယ်ခင်း နောက်ပိုင်းနှင့် ညနေပိုင်းများတွင် ကဖိန်း (Caffeine) ဓာတ်ပါသည့် အစားအစာ အချိုရည်များ (ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ) ကို ရှောင်ရမည်။ နေ့လယ်တွင် ခဏမျှ အိပ်စက်ခြင်း (Napping) ကို မိနစ် ၃၀ ထက် မပိုစေသင့်ပါ။ နေ့ဘက် များစွာအိပ်ထားလျှင် ညဘက်ကောင်းစွာ အိပ်တော့မည် မဟုတ်ပါ။
Sundowning ဖြစ်သူများအတွက် နေ့လယ်ပိုင်းမှာ ပြတင်းပေါက်များကို ဖွင့်ထားခြင်း အားဖြင့် သဘာဝအလင်းရောင် နှင့် လေကောင်းလေသန့် များများရစေပါသည်။ နေဝင်ချိန် နီးလာ သည်နှင့်အမျှ ပတ်ဝန်းကျင် အလင်းရောင်ကို တိုးမြှင့်ပေးရမည်။ မှောင်ရိပ်သည် စိတ်ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှု မလုံခြုံမှုတို့ကို ဖြစ်စေနိုင်သည်။ အခန်းတွင်း၌လည်း လင်းနေရန် လိုအပ်သည်။ Dementia ကြောင့် ဦးနှောက်၏ ဇီဝနာရီစည်းချက် (Circadian Rhythm) သည် ပုံမှန်မဟုတ် တော့သဖြင့် ညနေစောင်းချိန် ပတ်ဝန်းကျင်အလင်းရောင် လျော့ကျသွားခြင်းက ဦးနှောက်ကို “ အိပ်ချိန်ရောက်ပြီ၊ နေ့တာကုန်ပြီ” ဆိုသည့် မှားယွင်းသော အချက်ပြမှု ပေးလိုက်ကြသည်။ ထို့ကြောင့်အလင်းရောင်ကို ပုံမှန်အတိုင်း ပြန်ထိန်းထားပေးခြင်းဖြင့် ဦးနှောက်ကို အချိန်မှန်ကြောင်း ဆက်လက် အချက်ပြပေးပြီး Sundowning ဖြစ်ပေါ်မှုကို လျှော့ချသွားစေပါသည်။ ဖြစ်နိုင်လျှင် Sundowning လက္ခဏာ စတင် ဖြစ်ပေါ်လေ့ရှိသည့်အချိန်မတိုင်မီ တစ်နာရီ နှစ်နာရီခန့်အလိုကပင် မီးများကို ကြိုတင်ဖွင့်ထားပါ။ အလင်းရောင်ကို ညီညာစွာ ပျံ့နှံ့စေနိုင်သော မျက်နှာကြက် မီးလုံးများ (Ceiling Lights) သည် ထိုအတွက် အသုံးပြုရန် အဆင်ပြေ သင့်တော်ပါသည်။
ညနေ ပိုင်း နှင့် ညဘက်များမှာ ဆူညံသံ နှင့် လှုပ်ရှားမှုများကို လျှော့ချခြင်း (Noise & Movement Reduction) လည်း လုပ်ရမည်။ တိတ်ဆိတ်အေးချမ်းသည့် ပတ်ဝန်းကျင်သည် စိတ်ကို တည်ငြိမ်စေပါသည်။ Sundowning ဖြစ်တတ်သည့် ညနေ ၄ နာရီ မှ ၆ နာရီ ကြား ကာလကို “ အထူးအချိန်” ဟုသတ်မှတ်ကာ သူတို့ လုပ်ကိုင်နိုင်မည့် အဓိပ္ပါယ်ရှိသည့် အလုပ်တစ်ခုခု ( Meaningful activity) (ဥပမာ …လှန်းထားသဖြင့်ခြောက်ပြီး အဝတ်များ ကိုခေါက်သိမ်းခြင်း၊ မညီမညာ ဖြစ်နေသည့် စာအုပ်များ၊ ပြန့်ကျဲနေသည့် ပစ္စည်းများကို စနစ်တကျပြန်စီခြင်း) ကို သူတို့နှင့် အတူတူ လုပ်ပါ။ ရွေးချယ်လိုက်သည့်အလုပ်သည် သူတို့လုပ်ချင်ဖို့လိုသည်။ သူတို့ လုပ်နိုင်စွမ်းရည်ကိုလည်း အသိအမှတ်ပြုပေးသလို ဖြစ်နိုင်ပါက ပိုကောင်း၏။ သို့အတွက် သူတို့၏ အထာကို သိထားရမည်။ တီဗွီကြိုက်လျှင် တီဗွီ၊ သီချင်းကြိုက်လျှင် သီချင်း ဖွင့်ပေးပါ။ ရှေးဟောင်း နှောင်းဖြစ်များကို ပြန်ပြောပြစေပြီး နားထောင်ပေးနေခြင်းကို သူတို့ကြိုက်တတ်သဖြင့် ပြောသမျှကို နားထောင်ပေးပါ။ ရည်ရွယ်ချက်မှာ အလုပ်တစ်ခုခုတွင် အာရုံပြောင်းထားကာ Sundowning ဖြစ်တတ်သည့် ညနေပိုင်းအချိန်ကို ကျော်လွန်သွားစေရန်ဖြစ်ပါသည်။ သူတို့အား တစ်ယောက်တည်း လုပ်ကိုင်နေစေခြင်းထက် အချိန် ၄-၅ နာရီကို အတူတူ နေပေးလိုက်ခြင်းက တစ်ညလုံးအတွက် စိတ်အေးသွားစေနိုင်ပါသည်။ သူတို့အနားမှာ မိမိ ရှိနေခြင်းဖြင့် စိတ်မလုံမခြုံ ဖြစ်ခြင်းလည်း လျော့ပါးသွားစေပါသည်။
လူနာအနေဖြင့် စိတ်ရှုပ်ထွေးကာ ပိုပြီးဂနာမငြိမ် ဖြစ်လာလျှင် ပြုစုစောင့်ရှောက်သူများ အနေဖြင့် အေးဆေးညင်သာစွာ ပြောဆိုဆက်ဆံတတ်ရန် လိုပါသည်။ မိမိအနေဖြင့် သူတို့ကို ကူညီရန် အဆင်သင့် ရှိကြောင်းနှင့် စိုးရိမ်စရာမရှိ လုံခြုံစိတ်ချရကြောင်း အာမခံ ပြောကြားပေးပါ။ အာရုံလွဲပြောင်းသွားစေခြင်းနည်းလမ်း (Distraction) သည် ထိရောက်တတ်သဖြင့် တချိန်တည်းမှာ သူတို့နှစ်သက်လက်ခံနိုင်မည့် တခြားအကြောင်းအရာတစ်ခုကို အာရုံပြောင်းပေးလိုက်ပါ။ ဥပမာ- “ လဘက်ရည်သောက်ကြရအောင်” စသည်ဖြင့် အစားအသောက်တစ်ခုခု စားသောက်ကြရန် ဖိတ်ခေါ်ခြင်းမျိုး၊ ယခင်က ထူးချွန်အောင်မြင်မှုရရှိခဲ့ဘူးသည့် အကြောင်းအရာများကို စကား စပေး ခြင်းမျိုး (ငယ်ငယ်တုန်းက အားကစားနဲ့ ဆုတံဆိပ်တွေ အများကြီး ရဘူးတယ်ဆို)၊ ပတ်ဝန်းကျင်ရှိ စိတ်ဝင်စားဖွယ်ရာ ပစ္စည်းတစ်ခုခုကို ညွန်ပြပြောဆိုခြင်း (ဒီပန်းအိုးမှာထိုးထားတဲ့ ပန်လေးတွေက လှလိုက်တာနော်) စသည့် ချဉ်းကပ်မှုများက အာရုံလွဲခြင်း( Distraction) ကို ဖြစ်လွယ်တတ်သည်။ ရလွယ်တတ်သည်။
တစ်ချို့သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် မအိပ်မီ အိမ်ခြံဝင်း ပြူတင်း တံခါးများ ပိတ်ထား ပြီးခြင်းရှိမရှိ လုံခြုံရေး စစ်ဆေးခြင်း (Safety Checks) ပြုတတ်ကြသည်။ ထိုသို့ လုပ်တတ်သူများ သည် ညဘက် သူများအိပ်နေချိန်တွင် အိပ်ရာမှထပြီး ဂနာမငြိမ်ဖြစ်ကာ ပြူတင်းတံခါးများကို လှည့်ပတ်စစ်ဆေးခြင်းမျိုးလုပ်တတ်သည်။ သို့ဖြစ်လျှင် သူတို့နှင့်အတူ ပြူတင်းတံခါးများကို မအိပ်မီ လှည့်ပတ်စစ်ဆေးကာ အားလုံးပိတ်ထားပြီးဖြစ်သဖြင့် လုံခြုံသွားပြီဖြစ်ကာ စိတ်ချလက်ချ သာ အိပ်ရန် အားပေးသင့်သည်။ အိပ်ခန်းထဲတွင် အရိပ်ကျစေနိုင်သည့် ပစ္စည်းများချိတ်ဆွဲထားခြင်း မျိုး မရှိပါစေနှင့်။ အရိပ်များသည် Dementia ရှိသူတို့အတွက် ပုံသဏ္ဌာန်ကို မှားယွင်းစွာ အဓိပ္ပါယ် ကောက်ယူနားလည်မှု (Delutional misinterpretation) ကို ဖြစ်စေပြီး ကြောက်လန့် စိုးရိမ်ပူပန်မှု ရသွားစေနိုင်ပါသည်။ ထို့အတူ ညအိပ်ခါနီးချိန်တွင် စိတ်လှုပ်ရှားစရာ ထိတ်လန့်ဖွယ် ကြောက်စရာ ရုပ်ရှင် သတင်း စသည့်အစီအစဉ်များကို ကြည့်ခြင်းမပြုသင့်ပါ။ အိပ်ရာထဲတွင် မအိပ်စက်မီ (Soothing & relaxing music) နားထောင်စေခြင်း၊ ရင်ခွင်ထဲပွေ့ပိုက်ထားနိုင်မည့် နူးညံ့သည့် (အရုပ်ပုံ) ဖက်အုံးလေး တစ်ခုပေးထားခြင်း၊ ညင်သာစွာ ဖွဖွ ကလေး နှိပ်ပေးခြင်း (Gentle Massage)၊ ပွတ်သပ်ပေးခြင်း စသည်တို့မှာ စိတ် တည်ငြိမ်စေရန် အထောက်အကူ ဖြစ်စေနိုင် ပါသည်။
အထက်ပါ ဆေးဝါးမသုံးသည့်နည်းလမ်းများဖြင့် မသက်သာပါက၊ သို့မဟုတ် အပြုအမူ များသည် အလွန်ပြင်းထန်ပြီး မထိန်းချုပ်နိုင်တော့ပါက ၊ ဆရာဝန်နှင့် တိုင်ပင်ပြသပြီး စိတ်တည် ငြိမ်ဆေးများ၊ အိပ်ပျော်စေမည့်ဆေးများ စသည်တို့ကို လိုအပ်ချက်အရ သုံးစွဲကြရတော့မည် ဖြစ်ပါသည်။ ဆရာဝန်ညွန်ကြားချက်အတိုင်း ထိုဆေးများကို တိုက်ကျွေးပြီး Sundowning နှင့် ဆက်စပ်နေ သော လက္ခဏာများ (ဥပမာ- စိတ်ပူပန်မှု၊ ဂနာမငြိမ်ဖြစ်မှု) တိုးတက်ကောင်းမွန်လာမှု ရှိမရှိကို မှတ်သားထားကာ နောက်ရက်ချိန်း သွားသည့်အခါ ထိုမှတ်တမ်းကို ဆရာဝန်အားပြသရန် ယူသွားပါ။ ဆေးတိုက်ရာတွင် အခက်အခဲရှိခြင်း၊ ဆေးကိုညွန်ကြားထားသည့်အတိုင်း အချိန်မှန် တိုက်၍မရခြင်း များရှိလျှင်လည်း ဆရာဝန်ကိုသိစေရန် ပြောပြကြရပါမည်။ သို့မှသာ သင့်တော် သော ဆေးအမျိုးအစားနှင့် ပေးသင့်သည့် ဆေးအချိန်အဆကို လွယ်ကူထိရောက်စွာ ထိန်းညှိပေးနိုင် မည်ဖြစ်ပါသည်။
နှစ်သိမ့်စကားပြောပေးခြင်းနှင့် ဝေဒနာရှင်၏လက်ကို ကြင်နာနွေးထွေးစွာ ဆုပ်ကိုင်ပေး ထားခြင်းများက သူတို့အတွက် စိတ်သက်သာ လုံခြုံမှုကို ဖြစ်စေပါသည်။ သူတို့ထင်ယောင်ထင်မှား ဖြစ်ပြီး မှားယွင်းစွာပြောဆိုနေပါကလည်း ပြန်လည်ငြင်းခုံမနေဘဲ ရောဂါကြောင့်ဖြစ်နေရသည့် သူတို့၏ခံစားချက်ကို လက်ခံအသိအမှတ်ပြုပြီး အာရုံလွှဲခြင်း နည်းလမ်းကို အသုံးပြုပေးပါ။ Sundowning ဖြစ်ချိန်မှာ လူအများကြီး ဝိုင်းဝန်းလုပ်ဆောင်ခြင်းက အခြေအနေကို ပိုဆိုးသွား စေနိုင်သည်။ ကြောက်ရွံ့ စိုးရိမ်စေပြီး ရန်လိုမှု ပိုများသွားစေနိုင်သည်။ အနားသို့ချဉ်းကပ်ရန် အန္တရာယ်မရှိလျှင် သူနှင့် အဆင်ပြေနိုင်မည့်သူ တစ်ဦးတည်းကသာ အေးဆေး တည်ငြိမ်စွာ ချဉ်းကပ် ပြောဆိုခြင်းက လူနာကို ပိုမို လုံခြုံမှုရှိစေပြီး၊ အခြေအနေကို အေးဆေးညင်သာစွာ ထိန်းချုပ်ရနိုင်တတ်ပါသည်။ မလိုအပ်ဘဲ လူအများနှင့်ဝိုင်းလုပ်သည့်အခါ အင်အားသုံး အနိုင်ကျင့် သည့် ပုံစံမျိုး ဖြစ်သွားစေနိုင်သည့်အပြင် ခံစားမှုအာရုံ လွန်ကဲစေခြင်း (Sensory Overload) ကို လည်းဖြစ်စေသဖြင့် ဂနာမငြိမ်မှုနှင့် စိတ်လှုပ်ရှားမှုများကို အရှိန်မြှင့်တင်ပေးသကဲ့သို့ ဖြစ်သွားကာ ပြန်လည်ခုခံတွန်းလှန်သည့်ပုံစံမျိုး ပိုဖြစ်လာနိုင်ပါသည်။ အခြေအနေလိုအပ်ချက်အရ တစ်ယောက် တည်းနှင့် ထိန်းချုပ်၍ရနိုင်ခြေမရှိသဖြင့် လူနာကို ၃-၄ ယောက် ပူးပေါင်းကာဝိုင်းလုပ်ကြရသည့် အခါတွင်လည်း တစ်ဦးချင်းစီ၏ အခန်းကဏ္ဍနှင့်တာဝန်ကို သတ်မှတ် ခွဲခြားပြီး စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် အခြေအနေကို ထိန်းချုပ်သင့်ပါသည်။ လူနာနှင့်တိုက်ရိုက် ပြောဆိုဆက်ဆံ မည့်သူက ဦးဆောင်လုပ်ကိုင်ပြီး ကျန်လူများက အဝေးမှနေပြီး ဦးဆောင်ထိန်းသိမ်းနေသူ၏ တောင်းဆိုလာသည့် လိုအပ်ချက်များ နှင့် လုပ်ပေးသင့်သည်များ (လိုအပ်သည့် အလင်းရောင် ထပ်ထွန်းခြင်း၊ အသံကျယ်လောင်စွာ ဖွင့်ထားသည့် TV ကို အသံနှိမ့်ပေးခြင်း၊ သောက်မည့်ကော်ဖီ လဘက်ရည်၊ တိုက်မည့်ဆေး စသည်တို့ကို အဆင်သင့် ယူဆောင်လာပေးခြင်း၊ မသက်ဆိုင်သော သူများ ဝိုင်းအုံ မနေအောင်တားဆီးပေးခြင်း) ကို ကူလုပ်ပေးကြရပါမည်။ တစ်ယောက်ယောက်နှင့် အဆင်ပြေနေလျှင် ထိုသူနှင့် လူစားလဲခြင်းကို တတ်နိုင်သမျှ မပြုလုပ်ပါနှင့်။ ထိုသူ၏အလုပ်ကို တခြားသူက ခဏမျှ ဝင်ရောက်ပြီး ကူလုပ်ပေးထားသင့်သည်။ လူစားလဲရန် လိုအပ်လာသည့်အခါ တွင်လည်း တတ်နိုင်သမျှ လူနာ သတိ မထားမိအောင် မသိမသာ ပြုလုပ်သင့်ပါသည်။
အချုပ်အားဖြင့် တတ်နိုင်သမျှ ပုံမှန် အလင်းရောင် ထိန်းချုပ်ခြင်းနှင့် တည်ငြိမ်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ စိတ်ဝင်စားမည့် အလုပ်တစ်ခုခုကို ပေးလုပ်ထားခြင်းတို့သည် Sundowning မဖြစ်ရန် အကောင်းဆုံး ကြိုတင်ကာကွယ်မှုဖြစ်ပါသည်။ Sundowning အလွန်အမင်း ပြင်းထန်ပြီး အထက်ပါ ဆေးမပါသည့် နည်းလမ်းများနှင့် လုံးဝ ထိန်းမနိုင်တော့သည့် အခြေအနေမျိုး (ဥပမာ- မိမိကိုယ်ကို ဒါမှမဟုတ် သူတစ်ပါးကို အန္တရာယ်ပြုနိုင်သည်အထိ ရန်ပြု လာချိန်) အတွက် ဘေးကင်းလုံခြုံရေးအရ အရန်သင့် ဆေးတစ်မျိုး ရှိထားရန် လိုလာနိုင်ပါသည်။ လူအင်အားသုံးရန်လည်း လိုလာနိုင်သည်။ ဆိုးလာသည့် ထိုအရေးပေါ် အခြေအနေမျိုးအတွက် ကုသမှုပေးနေသော ဆရာဝန်တို့သည် များသောအားဖြင့် စိတ်ပူပန်မှုကို လျှော့ချပေးသော သို့မဟုတ် စိတ်ကိုတည်ငြိမ်စေသော ဆေး တစ်မျိုးမျိုးကို အနည်းဆုံး ပမာဏဖြင့် လိုအပ်လာလျှင် သုံးစွဲရန် ညွှန်ကြားပေးထားတတ်ပါသည်။ အရေးပေါ်လိုအပ်လာလျှင် ဆက်သွယ်ပြောဆို ဆွေးနွေး နိုင်ရန် ဆရာဝန် သို့မဟုတ် ဆေးခန်းဖုံးနံပါတ်များကို ပေးထား ရယူထားရန် လိုအပ်ကြောင်းကို လည်း အကြံပြုတင်ပြအပ်ပါသည်။
အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။ ဆန္ဒမွန်ဖြင့်…
(ဒေါက်တာသန်းထွန်းအောင်)





