ဒီမင်းရှား (Dementia) ဝေဒနာရှင်များကို ဆေးတိုက်ရ ခက်ခဲလာသည့်အခါ…

(ဒေါက်တာသန်းထွန်းအောင်)

ဒီမင်းရှား (Dementia) ခေါ် သိမှတ်ဉာဏ်ချို့ယွင်းအားနည်းမှုကြောင့် အမေ့လွန်လာ သည့်ရောဂါ ခံစားနေရသူများကို ဆေးတိုက်ရခက်ခဲလာခြင်း၊ သူတို့သည် ဆေးသောက်ရန် ငြင်းဆန်ခြင်းလာခြင်းတို့ ဖြစ်လာသည့်အခါ ပြုစုစောင့်ရှောက်သူများအတွက် အလွန်စိတ်ပင်ပန်း ကြရသောအခြေအနေတစ်ခုဖြစ်လာရသည်။ အတော်ပင် စိတ်ရှည်သည်းခံစွာဖြင့် ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းကြရသည့်အနေအထားလည်းဖြစ်သည်။ ဤဆောင်းပါးတွင် ထိုအခြေအနေကို လက်တွေ့  ကြိုးစားလုပ်ဆောင်ဖြေရှင်းကြည့်သင့်သည့်နည်းများကိုအကြံပြု တင်ပြပေးပါမည်။

ဒီမင်းရှား ဝေဒနာရှင်များကိုပြုစုစောင့်ရှောက်ရာတွင် ပြုစုကြသူ မိသားစုဝင်များသည် တစ်နေ့တာအတွက် မိမိတို့လုပ်ဆောင်လိုသည်များကို အချိန်ဇယားချ ပုံမှန်လုပ်ပေးခြင်းဖြင့် အလေ့ အကျင့်ဖြစ်သွားအောင် ပြုလုပ်ထားပါက ပြုစုခြင်းကို လွယ်ကူစွာပြီးမြောက်နိုင်သည်။ ဆေးတိုက် ရမည့်အချိန်ရောက်လျှင် ဆေးသောက်ရန်အကျွမ်းတဝင်ဖြစ်လာသည်။ ဆေးတိုက်ချိန်တွင် ပတ်ဝန်း ကျင်သည် အေးဆေးတည်ငြိမ်နေသင့်သည်။ ဆူညံနေလျှင် ဆူညံသံ (ဥပမာ- TV အသံ၊ လူအများ စကားပြောသံ) ကိုလျော့ချရန်လိုသည်။ ဆေးသောက်မည့် ဒီမင်းရှား ဝေဒနာရှင်၏အာရုံကို ဆေး သောက်ခြင်းကိစ္စတွင်ရောက်နေရန် သူတို့ရှေ့ မလိုအပ်သော လှုပ်ရှားသွားလာလုပ်ကိုင်နေမှုများ မလုပ်ကြရန်လိုသည်။ ဝေဒနာရှင်၏  စိတ်နေသဘောနှင့်အကြိုက် (အထာ) တို့ကို သိထားပါက ဆေးတိုက်ရပိုလွယ်တတ်သည်။ အကယ်၍ လူနာသည် ဆေးသောက်ရန် ငြင်းဆန်နေသည့်အခါ အာရုံပြောင်းပေးသည့်နည်းသည်လည်း အလုပ်ဖြစ်တတ်သည်။ ဆေးတိုက်နေချိန်မှာ လူနာ နှစ်သက်သည့် သီချင်းဖွင့်ပေးထားခြင်း သို့မဟုတ် သူစိတ်ဝင်စားသည့် အကြောင်းအရာ တစ်ခုခုကို စကားစမြည်ပြောရင်း မသိမသာ ဆေးတိုက်လိုက်လျှင် ဆေးဝင်သွားသည်ကိုလည်း တွေ့ရသည်။

ဆေးတိုက်စဉ် ဆေးသောက်ရန်ပြောဆိုသည့်အခါ ပြောတတ်ရန်လည်းလိုသည်။ ချော့မော့ သည့်လေသံနှင့်ပြောပါ။ “ ကဲ… ဒီဆေးလေးသောက် လိုက်ရအောင်” ဆိုပြီး ဖိတ်ခေါ်သည့်ပုံစံမျိုးကို တိုတိုနှင့် ရှင်းရှင်း ညင်သာစွာ ပြောသင့်သည်။ ဆေးတိုက်သည့် အခါတွင်လည်း ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ခွင့်ပေးသည့် သဘောဖြင့် “ ဆေးကို ရေနဲ့သောက်မလား၊ ဖျော်ရည်နဲ့သောက်မလား” ၊ “ကော်ဖီ နဲ့ သောက်မလား၊ လဖက်ရည် နဲ့ သောက်မလား” စသည်ဖြင့် ရွေးချယ်နိုင်မှုနှစ်မျိုးပေးကာ မေးသင့်သည်။ ဆေးမသောက်ချင်သည့် အကြောင်းရင်းကိုလည်းသိရန်လိုသည်။ ဆေးလုံးဆေးပြား အရွယ်အစားကြီးခြင်းကြောင့် ဆေးမျို ချရခက်နေခြင်းဖြစ်လျှင် အရွယ်ငယ်သွားစေရန် ဆေးကိုခြမ်းသောက်နိုင်သည်။

အချို့သောဆေးများမှာ ထိုသို့ ခွဲခြမ်းခြင်၊၊ အမှုန့်ကြိတ်ခြင်း မပြုလုပ်သင့်သည့်ဆေးများ (ဥပမာ- Extended Release ဆေးပြားများ) ဖြစ်နေတတ်သည်။ ထိုဆေးမျိုးကိုခွဲခြမ်း ကြိတ်ချေ လိုက်ပါက လိုအပ်သော အာနိသင်ပျက်ပြယ်သွားတတ်သည်။  သို့အတွက် ဆေးကို ခွဲခြမ်းခြင်း၊ ကြိတ်ခြင်း လုပ်ရန်သင့်မသင့်ကို ဆေးကိုညွန်ကြားထားသည့် ဆရာဝန်နှင့် မေးထားရမည်။ တချို့ မှာ ဆေးတောင့် (Capsule) ဖြစ်နေ မသောက်လိုလျှင် ဆေးဓာတ်ချင်း တူသော်လည်း ထုတ်လုပ် ထားသည့်ပုံစံမတူသော ဆေးပြား၊ ဆေးလုံးများကို ပြောင်းသုံးကြည့်ပါ။ ဆေးအများစုမှာ အမှုန့် ကြိတ်ပြီးရေနှင့်ရောဖျော်ပြီးတိုက်ကြသည့်အခါ အလွန်ခါးသက်သည့် အရသာကြောင့် ဆေး သောက်ရခက်ကြသည်။ သို့ဖြစ်လျှင် ချိုသောအရည်တစ်ခုခု (ဥပမာ … ပျားရည်) ဖြင့်ရောတိုက် လျှင် ဆေးခါးခြင်းလျော့နည်းသွားမည်ဖြစ်သည်။ ဆေးကို အမှုန့်ကြိတ်ပြီး ယို၊ ဒိန်ချဉ် (သို့မဟုတ်) ပျော့ပျောင်းသောအစာတစ်ခုခုထဲ ထည့်ကျွေးခြင်းဖြင့်လည်း ဆေးဝင်ရန် ကြိုးစားကြည့်နိုင်သည်။

တချို့သောဆေးများမှာ ပါးစပ်မှတိုက်ကျွေခြင်းအပြင် စအိုဝမှ ထည့်သွင်းခြင်း၊ အသား တွင်ကပ်သည့် ပလာစတာ ကပ်ခွာ (Patch) ကို ပြောင်းသုံးခြင်းတို့ ပြုလုပ်၍ရနိုင်သည်။ ဝါးစား ၍ရနိုင်ဆေးပြား(Chewable tablet) နှင့် ခံတွင်းထဲတွင်အရည်ပျော်သွားစေနိုင်သော ဆေးပြား (Orally dissolvable tablet) များအသွင်ဖြင့်ထုတ်လုပ်ထားသော ဆေးတို့မှာဆေးတိုက်ရ ခက်သူ များအတွက်အဆင်ပြေသည်။ တချို့သော ဆေးများအတွက် သောက်ဆေးပုံစံအပြင် အသားဆေး၊ အကြောဆေး၊ အရေပြားအောက်ထိုးဆေး၊ လိမ်းဆေး စသည်ဖြင့် ရနိုင်ကြသည်။ ရောဂါနှင့် လူနာ၏ အခြေအနေလိုအပ်ချက်အရ ထိုဆေးများကို ဆရာဝန်က ညွန်ကြားနိုင်ပါသည်။ ဆေးထိုး အပ်ကြောက်သူများ၊ ဆေးမထိုးလိုသူများအတွက် ဆေးထိုးရခြင်းမှာ အခက်အခဲ ရှိနိုင်သည်။ အရေပြားအောက်ထိုး ဆေး (Subcutaneous injection) များဖြစ်သော အင်ဆူလင် (Insulin) ၊ သွေခဲပျော်ဆေး (Enoxaparin)၊ ကျောက်ကပ်မကောင်းဖြစ်ရသည့်သွေးအားနည်း ခြင်းတို့ အတွက်ထိုးရသည့် ကျောက်ကပ်ဟော်မုန်းဆေး (Erythropoietin) များထိုးနေရခြင်း ဖြစ်လျှင် ထိုဆေးများမှာ အချိန်မှန်အောင် မထိုးမဖြစ် ထိုးရမည့်ဆေးမျိုးဖြစ်သဖြင့် ဒီမင်ရှားဝေဒနာရှင်များ ကို ပြုစုနေကြသူများအတွက် ဆေးထိုးရန်အလွန်ခက်ခဲလျှင်၊ ဆေးထိုး၍မရနိုင်လျှင် ဆရာဝန် အား အသိပေး ပြောပြရန် အထူးလိုအပ်သည်။ ဆရာဝန်မသိဘဲ ဆေးထိုးရခက်သည် ဆိုကာ မိမိ သဘော ဖြင့် ထိုဆေးများကိုမရပ်လိုက်သင့်ပါ။ ဆရာဝန်ကသိမှသာ ဆေးအမျိုးအစားပြောင်းပေးခြင်း၊ ဆေး ပမာဏ သို့မဟုတ် ဆေးအကြိမ် လျှော့ချပေးခြင်း၊ ဆေးပုံစံ [(Syrup/Suspension (အရည်)၊ နှာခေါင်းထဲသို့ ဖြန်း သည့်ဆေး (Nasal spray)၊ လျှာအောက်ငုံဆေး (Sublingual tablet) သို့မဟုတ် Drops (အစက်ချဆေး)] ကိုပြောင်းပေးခြင်း၊ ဆေးတိုက်ပုံ တိုက်နည်းတို့ကို သင်ကြားပေးခြင်း စသည်ဖြင့် လိုအပ်သလို ကုသမှုပုံစံကို ပြောင်းပေးနိုင်မည် ဖြစ်ပါသည်။

ဒီမင်းရှားဝေဒနာရှင်များသည် မကြာခင်ကမှပြောထားသည်များကို မမှတ်မိတော့ခြင်း (Short term memory loss) ရှိကြသဖြင့် သူတို့ဆေးသောက်ရန်ငြင်းနေလျှင် အတင်းအကျပ် မတိုက်ပါနှင့်။ သူတို့စိတ်ချမ်းသာသွားအောင် ခဏလွှတ်ထားပေးလိုက်ပါ။ ၁၀ မိနစ် သို့မဟုတ် ၁၅ မိနစ်ခန့် ကြာမှ နောက်တစ်ကြိမ် ပြန်ကြိုးစားကြည့်ပါ။ ထိုအခါ ပထမအကြိမ်သူတို့ငြင်းဆိုခဲ့သည် ကိုမမှတ်မိတော့ာဘဲ သဘောတူလက်ခံကာ ဆေးသောက်လိုက်ကြသည်လည်းရှိသည်။ သူတို့ ငြင်း နေလျက် အတင်းတိုက်ပါက ဆေးသီးခြင်း သို့မဟုတ် လူနာနှင့်ရုန်းကန် ချုပ်ကိုင်ရခြင်း၊ ရန် ဖြစ် ရခြင်း၊ အင်အားသုံးပြုလုပ်လိုက်ရခြင်းကြောင့် ဆေးသောက်ရမည်ကို ပိုကြောက်သွားစေခြင်း နှင့် ပြုစုသူကိုလက်မခံတော့ခြင်းများ ဖြစ်သွားနိုင်ပါသည်။

တချို့သောဒီမင်းရှားဝေဒနာရှင်များသည် ပြုစုသူများအပေါ်တွင် သူ့ပစ္စည်းများကိုခိုးယူထား သည်၊ သူ့ကျွေးသည့်အစာကိုအဆိပ်ခပ်ထားသည်စသည်ဖြင့် သံသယစိတ်များနှင့် ထင်ယောင် ထင်မှား (Paranoia) ဖြစ်တတ်သကဲ့သို့ သူတို့ကိုတိုက်သည့် ဆေးများပေါ်တွင် လည်းသံသယ ရှိလာတတ်သည်။ ဆေး၏ဘေးထွက်ဆိုးကျိုးများ (Side effects) ခံစားရလျှင်ပိုဖြစ်သည်။ ပြုစုသူတိုက်သည့် ဆေးကြောင့်သူ့မှာ ဒုက္ခရောက်ရသည်၊ ဝေဒနာခံစားရသည် ဟုစွပ်စွဲ တတ်ကြ သည်။ အသက်ကြီးလာသဖြင့် မျက်လုံးခြောက်ခြင်း (Dry eyes) ကြောင့် အနေရခက်ခြင်း၊ မျက်ရည်ယိုခြင်းတို့ သက်သာစေရန် မျက်ရည်တု မျက်စဉ်း (Artificial tear eye drop) ကြောင့် သူ့မျက်လုံးမမြင်ရတော့၊ ကန်းသွားပြီ စသည်ဖြင့် သံသယ စိတ်နှင့် တွဲလျက်အကြောက်လွန်ကာ ယိုးစွပ်ခြင်းလည်းတွေ့ရဖူးသည်။ တိုက်သည့်ဆေးအပေါ် သံသယရှိနေသူများအတွက် ဝေဒနာရှင် နှင့်အတူတူဆေးသောက်ပြခြင်းနည်းကိုလည်း စမ်းကြည့် နိုင်သည်။ မိမိသောက်နေသည့် ဆေးများ ကို ဒီမင်းရှားလူနာ၏ရှေ့တွင်သောက်ပြခြင်း၊ သို့မဟုတ် သူတို့သောက်နေသည့် ဆေးထဲမှ မိမိပါ သောက်၍ရနိုင်သည့်ဆေးတစ်မျိုးမျိုး( ဥပမာ ..အားဆေး) ကို ယူသောက်ပြခြင်းဖြင့်ဆေးအပေါ် သံသယကင်းရန်၊ ယုံကြည်မှုရှိသွားစေရန်ကြိုးစားကြည့်နိုင်ပေသည်။ ထိုနည်းသည် လူနာ၏ စိတ်လုံခြုံမှုကိုလည်း ပေးရာရောက်ပါသည်။

တချို့မှာဆေးများနှင့်ပတ်သက်ပြီးအလွန်သတိထားကြသည်။ အထူးသဖြင့် ပညာတတ်သူ  (Educated persons) များတွင်တွေ့ရသည်။ ဆေးနှင့်ရောဂါကိုတွဲဖက်ကာ ဒီဆေးက ဘာဆေး၊ ဘယ်လောက်အား၊ တစ်နေ့ဘယ်နှစ်ကြိမ်စသည်ဖြင့်မှတ်ထားကြသည်။ တစ်ဦးချင်းစီ၏ ဆေးပညာ ဗဟုသုတ၊ စေ့စပ်သေချာတတ်သည့်ပင်ကိုယ်စရိုက်၊ ဒီမင်းရှားရောဂါအဆင့် စသည်တို့ ပေါ်မူတည် ၍ ပုံစံအမျိုးမျိုးကြုံတွေ့ရနိုင်သည်။ သောက်နေကျဆေးပုံစံ၊ အရောင်၊ ထုတ်လုပ်သည့်နိုင်ငံ၊ အမှတ် တံဆိပ်အားဖြင့် အသေးစိတ် မှတ်ထားသူလည်းရှိသည်။  တစ်ခါ သောက်ရသည့်ဆေးလုံး အရေ အတွက်ကိုမှတ်ထားသူများ၊ ဆေးအသစ်တိုးလာခြင်း စသည်တို့ကို သတိထားကြသူများကိုလည်း တွေ့ရတတ်သည်။ အများအားဖြင့်ဒီမင်းရှားဖြစ်စအချိန်များတွင် ကြုံရသည်။ ထိုသူများအတွက် သူတို့၏စိုးရိမ်မှုကိုနားလည်စွာဖြင့် ရှင်းပြလိုက်လျှင် အဆင်ပြေသွားတတ်သည်။ အချို့မှာ ဆေး အပြောင်းအလဲ၊ အတိုးအလျော့နှင့်ပတ်သက်၍ ဆရာဝန်ငယ်များ ပြောဆို ရှင်းပြခြင်းကို လက်မခံ ဘဲ ဆရာဝန်ကြီးကိုယ်တိုင်ပြောဆိုရှင်းပြမှ လက်ခံသွားကြသူများ လည်းရှိသည်။

နာတာရှည်ရောဂါများအတွက် ဆေးသောက်ရခြင်းကြာလာသည့်အခါ ဆေးမသောက် ချင်ကြတော့သူလည်းရှိသည်။ အသက်ကြီးလာလေ၊ရောဂါစုံလာလေ၊ဖြစ်သဖြင့် တစ်နေ့ တစ်နေ့ သောက်နေရသည့်ဆေးများမှာပိုတိုးလာကြသည်။ ဆေးသောက်ရန်အခက်အခဲရှိသူ၊ ဆေးကြောက် သူများအတွက်ကြီးမားသည့်အခက်အခဲ တာဝန်ကြီးတစ်ရပ်ဖြစ်လာသည်။ ထိုအခါ ဆရာဝန်နှင့် ဆက်မပြချင်တော့၊ ဆေးခန်းသွားရန်ငြင်းဆန်လာသည်၊ ဘာမှမဖြစ်တော့ဘူးဆိုကာ ကိုယ့်သဘော နှင့်ကိုယ်ဆေးဖြတ်လိုက်ခြင်းတို့ဖြစ်လာသည်။ ထိုလူနာများအား ဆေးတိုက်ရာတွင် ပိုစိတ်ရှည် ရသည်၊ ချော့ရသည်၊ ရှင်းပြရသည်။ တချို့မှာ ရောဂါအတွက်ဆေးမဟုတ်ဘဲ အားဆေးဟု ပြောမှ ဆေးသောက်ရန်သဘောတူသွားကြသူလည်းရှိသည်။ တချို့မှာဆေးဆိုသည်နှင့် လုံးဝ မသောက်လို တော့ဘဲ ငြင်းဆန်နေသည့်အခါ ဆေးမှန်းမသိစေရန် သူတို့ကြိုက်နှစ်သက်သည့် အစားအသောက် တစ်ခုခုထဲတွင်ထည့်ပြီးတိုက်ကြရသည်လည်းရှိသည်။ ထိုသို့ရောတိုက်သည့်အခါ ဆေးအလဟဿ မဖြစ်စေရန်နှင့် ဆေးဝင်ကြောင်းသေချာစေရန် မိမိတိုက်လိုသည့်ဆေးကို အစားအစာ အနည်းငယ် နှင့်သာ ရောနှောကြရန်ဖြစ်သည်။ အစားအစာအများကြီးထဲ သို့ထည့်မရောရပေ။

အအေးစာများသည် လျှာပေါ်ရှိ အရသာခံဖုများကို ခဏမျှ ထုံသွားစေခြင်းကြောင့်ဆေး၏ ခါးသက်သောအရသာကိုဖုံးကွယ်ပေးနိုင်သည်။ ထို့ကြောင့်ပျော့ပျောင်းပြီး အေးမြသောအစားအစာ များဖြစ်သည့် ဒိန်ချဉ် (Yogurt)၊ ရေခဲမုန့် (Ice cream) သို့မဟုတ် ပူတင်း (Pudding) များသည် ထို အစာကြိုက်သူများအတွက်အဆင်ပြေကြသည်။ ငှက်ပျောသီးမှည့် နှင့် အာလူးထောင်း (Mashed Potato) များမှာလည်း ဆေးလုံးငယ်လေးများကို ထည့်ကျွေးရန်ကောင်းသည်။ ကြိတ်ချေထားသည့် ခါးသော ဆေးမှုန့်များအတွက် ချိုသောအရာများဖြစ်သည့် ပျားရည် (Honey)၊ မိုင်လို (Milo) ၊ အိုဗာတင် (Ovaltine)၊ ယို (Jam) အမျိုးမျိုးတို့ကိုသုံးနိုင်သည်။ သစ်သီးဖျော်ရည်များတွင် လိမ္မော် ရည် (orange juice) သို့မဟုတ် ပန်းသီးရည် (Apple juice) တို့မှာအသုံးများကြသည်။ ထမင်းစား ချိန်တွင်ဆေးကိုရောတိုက်လိုလျှင် ဆေးကိုထမင်းလုပ်ထဲတွင်မြုပ်၍လည်းကောင်း၊ ဟင်းချိုရည် စွပ်ပြုတ်ရည် တစ်ဇွန်းစာထဲတွင် ဆေးကို အရည်ဖျော်၍လည်းကောင်း တိုက်နိုင်ပါသည်။ သတိပြု ရန်မှာ ဆေးကိုအစားအသောက်ထဲရောထည့်ခြင်းကို လူနာရှေ့တွင်မပြုလုပ်ရန်လိုသည်။ လူနာမြင် သွား သိသွားပါက ကျွေးသည့်အစားအစာများကိုပါ ငြင်းဆန်သွားနိုင်သည်။ ရှင်းပြပြောဆို နားလည် နိုင်သေးသည့်ဒီမင်းရှားလူနာများအတွက် ဒီဆေးကနဲနဲလေးခါးတယ်၊ ပျားရည်လေးနဲ့ ရောသောက် ကြရအောင်စသည်ဖြင့်အသိပေးသဘောတူညီချက်ရယူကာ ဆေးတိုက်ခြင်းကပိုကောင်းသည်။ ထို့ကြောင့်မိမိလူနာ၏ရောဂါအခြေအနေပေါ်မူတည်ပြီး ချင့်ချိန်ပြုစုပြောဆိုတတ်ရန်လိုသည်။

တခါတရံလူနာကို ပြုစုနေကြသည့် မိသားစုဝင်များသည် ဆေးသောက်စေလိုသည့်ဆန္ဒဇော ဆေးဝင်စေလိုသည့်စေတနာတို့ကြောင့် ဆေးမသောက်လျှင် ကုသပေးနေသည့်ဆရာဝန်က စိတ်ဆိုး သွားလိမ့်မည်၊ ဆေးဆက်မကုပေးဘဲနေလိမ့်မည်စသည်ဖြင့် ဆရာဝန်၏ ဩဇာကိုသုံးပြီးတိုက် တွန်းခြင်း” (Leveraging Authority) နည်းကိုသုံးတတ်ကြသည်ကိုတွေ့ရသည်။ လူနာအချို့ ၏ သဘောသဘာဝမှာလည်း မိသားစုဝင်များထက် အပြင်လူ၊ အထူးသဖြင့် ဆရာဝန်၏ စကားကို ပိုနားထောင်တတ်ကြပါသည်။ အကယ်၍ လူနာသည် ပြသနေသည့်ဆရာဝန်နှင့် အချိန်ကြာမြင့်စွာ ပြသနေပြီး ဆရာဝန်ကို ရိုသေလေးစားသူ ဖြစ်ခဲ့လျှင် “ ဒါက ဆရာဝန်ကြီး ပေးလိုက်သည့် ဆေးပဲ၊ သောက်မှ ရောဂါသက်သာသွားပြီး ဆရာဝန်ကြီးက ဝမ်းသာမှာ” ဆိုတာမျိုး ပြောခြင်းက အောင်မြင် နိုင်ခြေ ရှိပါသည်။ ဆရာဝန်၏နာမည် ဩဇာအရှိန်အဝါကိုသုံးကာ လူနာကို ခြိမ်းခြောက်သည့်ပုံစံ မျိုးပြောခြင်းကားမဖြစ်သင့်ပါ။ မဖြစ်ရန်လည်းရှောင်ကြဉ်သင့်ပါသည်။ ဒီမင်းရှားလူနာများသည် ကြောက်ရွံ့ စိုးရိမ်စိတ် (Anxiety) အလွယ်တကူ ဖြစ်တတ်ပါသည်။ ထိုအခါ စိတ်မလုံခြုံဖြစ်စေပြီး ရန်လိုမှု (Aggression) ပါ ဖြစ်လာစေနိုင်ပါသည်။ ဆရာဝန်က သူ့အား အတင်းဖိအားပေးနေသည့် ပုံစံမျိုး အထင်မှား အမြင်စောင်းသွားပါက နောက်တစ်ခါဆေးခန်းသွားပြရန် ငြင်းဆန်လာနိုင်သည်။

ဒီမင်းရှားရောဂါတိုးလာခြင်းကြောင့် အလယ်အလတ်ရောဂါအဆင့် (Moderate stage) နှ့င် ပြင်းထန်သည့်အဆင့် ( Severe stage) သို့ ရောက်လာသူအများစုမှာ မူမှန်မဟုတ်သည့်အမူအရာ များ ပေါ်လာကာ အစာကျွေးရခြင်း ဆေးတိုက်ရခြင်းတို့မှာပိုခက်လာသည်။ ဆေးတိုက်မည်ပြုလျှင် ပါးစပ်ကိုပိတ်ထားလာသည်။ လက်ဖြင့်ကာသည်။ တွန်းထုတ်သည်။ မျက်နှာတစ်ဖက်သို့လှည့်ထား သည် စသည်ဖြင့်ပြုလုပ်လာတတ်သည်။ ထိုအခါပြုစုသူတို့သည် တိုက်ရမည့်ဆေးများကိုကြိတ်ကာ ရေနှင့်ဖျော်ပြီး ဆေးထိုးအပ်မတတ်ထားသည့်ဆေးထိုးပြွန် (Syringe) ဖြင့်စုပ်ယူကာ လူနာ၏ နှုတ်ခမ်းထောင့်မှ ပါးစောင်ထဲသို့ ဆေးကို ထိုးထည့်သည့်နည်းဖြင့်ဆေးဝင်အောင် ကြိုးစားတိုက်ကြ တတ်သည်။ ထိုသို့ အတင်းတိုက် သည့်အခါ လူနာအနေဖြင့် မကြိုက်နှစ်သက်သည့် အပြုအမူမျိုးဖြင့် တုန့်ပြန်တတ်ကြသည်။ ထိုအခါ  ဒီမင်းရှားလူနာကို ပြုစုနေရသည့် မိသားစုဝင် များအနေဖြင့် မိမိတို့ချစ်ကြသည့် ဝေဒနာခံစားနေရသူတစ်ယောက်ကို ကောင်းစေချင်၊  သက်သာ စေလိုချင်သည့် သဘောဖြင့် အတင်းအကျပ် လုပ်လိုက်ရခြင်းအတွက် စိတ်မကောင်းဖြစ်ရခြင်း၊ လူနာကိုဆေးမှန်းမသိစေဘဲ အစာထဲခိုးဝှက်ပြီး တိုက်ခြင်းသည် အပြစ်တစ်ခုကို ကျူးလွန်နေသလို များ ဖြစ်နေသလားဟု အတွေးရောက်ကြခြင်းတို့ ဖြစ်တတ်ကြသည်။ ဤဖြစ်ရပ်မှာ လက်တွေ့ ရင်ဆိုင်ကြရသည့် အလွန်နက်နဲပြီး စိတ်မကောင်းဖြစ်စရာ ကောင်းသည့် ကိုယ်ကျင့်တရား ဆိုင်ရာ အခက်အခဲ (Ethical dilemma) တစ်ခုဖြစ်သည်။ စဉ်းစားကြည့်လျှင် မိမိတို့ ချစ်ရသောသူ ဝေဒနာရှင်ကို နာကျင်စေရန်၊ ဒုက္ခပေးရန်၊ မိမိအကျိုးအတွက် လိမ်ညာလှည့်စားရန် လုပ်နေ ခြင်းမဟုတ်ပါ။ အတင်းအကျပ်ဆေးတိုက်ခြင်း ကြောင့် လူနာမှာပိုပြီး ထိတ်လန့်သွားနိုင်စေသဖြင့် အစာထဲထည့်တိုက်ခြင်းက လူနာကို စိတ်ပိုင်း ဆိုင်ရာအရ ပိုပြီး သက်သာငြိမ်းချမ်းစေသည်ဟု လည်း မြင်ကြည့်ပေး၍ရပါသည်။ ပြုစုနေကြသူများမှာ လူနာ၏ကျန်းမာရေး ပိုမိုကောင်းမွန်လာရန် ဝေဒနာ သက်သာစေရန်ဆိုသည့် စေတနာအရင်းခံ နှင့် လုပ်နေခြင်းသာ ဖြစ်ပါသည်။ လူနာ၏ ရောဂါကြောင့် ဆင်ခြင်တုံတရား နှင့် ဆုံးဖြတ်နိုင်စွမ်း မရှိတော့ သည့်အချိန်မှာ သူ့အတွက် အကောင်းဆုံး ဖြစ်မည့်အရာကို စဉ်းစားရွေးချယ်ကာ မိသားစုများက တာဝန်ယူပြုစု ပေးနေ ကြခြင်းသာ ဖြစ်ပါသည်။ ဆေးမဝင်သဖြင့် လူနာခံစားရမည့် ဝေဒနာနှင့်ဘေးဒုက္ခတို့မှ သက်သာ စေရန် ဆေးဝင်အောင် တိုက်ရမည့် အဓိကတာဝန်တစ်ခုကို ကြိုးစားလုပ်ဆောင်ခြင်းသာ ဖြစ်ပါ သည်။ ထို့အတူ ဒီမင်းရှားဝေဒနာရှင်များသည် ရောဂါပြင်းထန်လာမှုကြောင့် အစာ မစားနိုင် မမျိုနိုင် ဖြစ်လာကြသည့်အခါမျိုးတွင် နှာခေါင်းမှ ပိုက်သွင်းကာ အစာကျွေးခြင်း၊ ဝမ်းဗိုက်ဖောက်ကာ အစာအိမ်သို့တိုက်ရိုက်ပိုက်ထည့်ကာ အစာကျွေးခြင်းတို့ပြုလုပ်မှ ဆေးတိုက် ရနိုင်မည်၊ အစာ ကျွေးနိုင်မည် ဆိုသည့်အနေအထားမျိုးတွင် ပိုက်ဖြင့်အစာကျွေးခြင်း (Tube feeding) ၏ အကျိုး အပြစ်များကို ဆရာဝန်နှင့်ဆွေးနွေးပြီး ချိန်ဆဆုံးဖြတ်ကြရာတွင် မိသားစု များအနေဖြင့် အခက် အခဲ ကြုံရတတ်ပါသည်။ လူနာ၏ အနေအထားအရ “ သက်သောင့် သက်သာ ရှိမှု (Comfort)”  ကို အဓိကထားပြီး စဉ်းစားဆောင်ရွက်သင့်သည့်အခြေအနေတွင်မူ သောက်နေကျ ဆေးများထဲမှ သက်သောင့်သက်သာ ဖြစ်စေရန် အရေးအကြီးဆုံး ဆေး ၁ မျိုး သို့မဟုတ် ၂ မျိုးကို ဆရာဝန်က ရွေးချယ်ပေးပါလိမ့်မည်။ အရေးမကြီးတော့သောဆေးများကိုရပ်ပေးပါလိမ့်မည်။

          ယခုဆောင်းပါးသည် ဒီမင်းရှား ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်နေကြသူများနှင့် မိသား စုဝင်များအတွက် တစ်စုံတစ်ခုသောအတိုင်းအတာအထိအကျိုးရှိလိမ့်မည်ဟု ယုံကြည်မိပါသည်။

(ဒေါက်တာသန်းထွန်းအောင်)