(Hoarding behavior)
(ဒေါက်တာသန်းထွန်းအောင်)
ဟောင်းနွမ်းဖုံတက်ပြီး ဖရိုဖရဲဖြစ်နေသော သတင်းစာဟောင်းများ၊ ဂျာနယ်မဂ္ဂဇင်းများ၊ စာအုပ်များ၊ အဝတ်စုတ်များ၊ အမျိုးမျိုးသောလျှပ်စစ်ပစ္စည်းအပျက်များ၊ တစ်ခါသုံးပစ္စည်းများ၊ ဖျော်ရည်ဘူးခွံများ၊ စက္ကူဘူးခွံများ၊ ထီးစုတ်ထီးဟောင်းများ၊ မြင်သည်နှင့်လွှတ်ပစ်သင့်သည်ဟု သိနိုင်သော ပစ္စည်းအတိုအထွာများ၊ ပြန့်ကျဲနေသော တိုလီမိုလီ အိမ်အသုံးအဆောင်အမျိုးမျိုးတို့နှင့် အမြင်မတော်အောင် ပွတ်သိပ်ပြည့်နှက်နေသည့် အိမ်တစ်အိမ်ကို တွေ့ဖူးကောင်းတွေ့ဖူးကြပါလိမ့် မည်။ ထိုအခါ အိမ်ရှင်းလင်းရန်လိုနေပြီဆိုသည့် အနေအထားကို သတိထားကြလိမ့်မည် ဖြစ်သော် လည်း သာမန်အားဖြင့် သည်အိမ်မှာ အသက်ကြီးသူများသာ နေကြခြင်းကြောင့်လည်းကောင်း၊ အိမ်သန့်ရှင်းရေးကိုကောင်းစွာလုပ်ပေးမည့်သူ မရှိသောကြောင့်လည်းကောင်း၊ အိမ်ကို မရှင်းလင်း နိုင်သောကြောင့် အိမ်မှာထိုသို့ ရှုပ်ပွနေရသည်ဟု ခပ်ပေါ့ပေါ့တွေးထင်နိုင်သည်။ သို့သော်လည်း သည်အိမ်တွင်ရှိသူ တစ်ဦးဦးမှာ ပစ္စည်းများကိုစုဆောင်းသိမ်းဆည်းတတ်သည့် ပုံမှန်မဟုတ်သော အပြုအမူ (Hoarding behavior) ရှိနေလိမ့်မည်ဟု တွေးထင်မိသူကား နည်းပေလိမ့်မည်။
Hoarding behavior ကိုတွေ့နိုင်သောရောဂါတချို့ရှိပါသည်။ လေ့လာထားချက်များအရ ဒီမင်းရှား ဝေဒနာရှင်တို့၏ ၂၂% ခန့်တွင် ထိုသို့သော Hoarding behavior ကို တွေ့ရတတ်သည်။ ပစ္စည်းစုခြင်းအပြုအမူသည် ငယ်စဉ်ကတည်းကပါလာသည့် စုဆောင်းသိမ်းဆည်းထားလိုသည့် အကျင့် (Hoarding tendency & habit) တစ်ခုလည်းဖြစ်နိုင်ပါသည်။ “ တန်ဖိုးထားခြင်း” ၊ “ အမှတ် တရသိမ်းထားခြင်း” တို့ကြောင့်မဟုတ်ဘဲ၊ “ ပျက်စီးသွားသည့်ပစ္စည်းကို လွှင့်ပစ်ရန်ဝန်လေး နှမြော ခြင်း” နှင့် “ နောင်တစ်ချိန်မှာ အသုံးကျမည်ဟုမျှော်လင့်ခြင်း” ဆိုသည့်စိတ်နှင့် သိမ်းထားခြင်းလည်း ဖြစ်တတ်ကြသည်။ အပျက်အဟောင်းနှစ်ခုပေါင်းလိုက်က အကောင်းတစ်ခုရမည်။ အသေးအမွှား လေးကအစ အပိုပစ္စည်း (Spare part) တစ်ခုခုလိုလာလျှင် စျေးကြီးပေး၍ဝယ်ရသည်၊ ရှာရခက် သည်၊ အဟောင်းရှိမှအသစ်ချမ်းသာမည် ဆိုသောအယူအဆကြောင့်လည်း စုထား သိမ်းထားတတ် ကြသည်။ ထိုသို့ “ အသုံးဝင်လာနိုင်မှုမျှော်လင့်ချက်” နှင့်ပစ္စည်းစုခြင်းသည် အတိုင်းထက်အလွန် ဖြစ်လာပြီး စနစ်တကျသိမ်းထားသည့်ပုံစံမဟုတ်တော့ခြင်း၊ သူ့နေရာနှင့်သူ အစီအစဉ် တကျ ထားသိုရှင်းလင်းရန်ငြင်းဆန်ခြင်း၊ စသည်တို့ဖြစ်လာပါက ပုံမှန်မဟုတ်တော့ဟု ယူဆနိုင်ပါသည်။ ထိုအခါ ဒီမင်းရှား၏လက္ခဏာဖြစ်နိုင်ခြေ ရှိမရှိကိုသိနိုင်ရန် ဆရာဝန်နှင့် ပြသစစ်ဆေးမှုလုပ်သင့်၏။
ဒီမင်းရှား ရှိသူများသည် မှတ်ဉာဏ်လျော့ကျလာခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် (Executive function) ကျဆင်းလာခြင်းတို့ကြောင့် ပစ္စည်းများကို စနစ်တကျမထားနိုင်တော့ပေ။ ထိုပစ္စည်းရှိမှ စိတ်လုံခြုံမှုဖြစ်နေခြင်း သို့မဟုတ် ထိန်းချုပ်မှုလိုချင်စိတ်ရှိနေခြင်း တို့ကြောင့် သိမ်းဆည်း စုဆောင်းခြင်းမျိုး ဖြစ်တတ်သည်။ ဒီမင်းရှား ဝေဒနာရှင်များအနေဖြင့် ပစ္စည်းများ၏ ဟောင်းနွမ်းပျက်စီးလာသည့် အခြေအနေ နှင့် လက်ရှိတန်ဖိုး၊ သို့မဟုတ် ရှေးဟောင်း ရှာပါး ပစ္စည်း အနေအထားနှင့် အဖိုးတန်ခြင်း စသည်တို့ကို မှန်ကန်စွာ ခွဲခြားသိရှိရန် ခက်ခဲလာကြပါသည်။ စုဆောင်းထားသည့် ပစ္စည်းများမှာ မည်သို့ရလာသည်ကိုလည်း မသိတော့၊ အပြင်ကနေ ကောက်ယူ လာသည်ကိုလည်း မမှတ်မိတော့ပါ။ မည်သည့်အတွက်ကြောင့် သိမ်းထားမှန်းလည်း တိကျစွာ မပြောနိုင်တော့ပါ။
တစ်ခါတစ်ရံ ပါကင်ဆန်ရောဂါ (Parkinson’s disease) ရှင်များသည် သူတို့ရောဂါအတွက် သောက်သုံးနေရသည့် Dopamine Agonists ဆေးဝါးများကြောင့်လည်း ကိုယ့်စိတ်ကို ထိန်းချုပ်ရ ခက်ခဲသည့် တွန်းအားပေးအပြုအမူများ (Impulse Control Disorders – ICDs) ကို ဖြစ်ပေါ် စေ တတ်ရာ ICDs ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Hoarding ပေါ်လာနိုင်ပါသည်။ အထူးသဖြင့် ဆေးချိန် ပမာဏ တိုးမြှင့်လိုက်သည့်အခါ စုဆောင်းခြင်းအပြုအမူ သိသိသာသာ ပိုဆိုးလာခြင်းတွေ့ရသည်။ အခြားအလားတူ တွန်းအားပေးအပြုအမူများဖြစ်သည့် လောင်းကစားစွဲလန်းခြင်း၊ အင်တာနက် အလွန်အကျွံသုံးခြင်း၊ ပစ္စည်းများတစ်ခုပြီးတစ်ခုဆက်တိုက်ဝယ်ယူခြင်း စသည်တို့လည်း ဖြစ်ပေါ် လာနိုင်သည်။ ထိုလူနာများအတွက် ဆေးကြောင့်ဖြစ်သည့် ဘေးထွက်ဆိုးကျိုး ဟုတ် မဟုတ် ကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသရန် အလွန်အရေးကြီးသည်။
(Hoarding) အပြုအမူသည် ဒီမင်းရှားမရှိဘဲ အမှန်တကယ် တန်ဖိုးမရှိ၊ အသုံးမဝင်တော့ သည့် ပစ္စည်းများကို စွန့်ပစ်ရန်ဝန်လေးပြီး သိမ်းဆည်းထားချင်သေးသည့် ပင်ကိုယ် စိတ်ရောဂါ (Primary Hoarding Disorder) ၏ လက္ခဏာလည်း ဖြစ်နိုင်ပါသည်။ ထိုသူများသည် ငယ်ရွယ်စဉ် ကတည်းက သို့မဟုတ် ရောဂါမဖြစ်မီကတည်းက ပစ္စည်းစုဆောင်းတတ်သည့် အကျင့်ရှိခဲ့ကြသည်။ သူ့ပစ္စည်းများကို ဖယ်ရှားစွန့်ပစ်လိုက်လျှင် ပြင်းထန်သည့် စိုးရိမ်ပူပန်မှု (Anxiety) သို့မဟုတ် စိတ် ဆင်းရဲမှု (Distress) ဖြစ်ကြသည်။ သူ့မှာ စုဆောင်းထားသည့် ပစ္စည်းတိုင်းအတွက် အသေးစိတ် အကြောင်းပြချက် ရှိနေတတ်ပြီး၊ ပစ္စည်းများကို တန်ဖိုးရှိသည့်အရာ (သို့မဟုတ်) နောင်တွင် လိုအပ်နိုင်မည့်အရာအဖြစ် ယုံကြည်ကာ သိမြင်မှုမှားခြင်းမျိုးမဟုတ်ဘဲ သိမ်းထားခြင်းဖြစ်သည်။
ယခုဆောင်းပါးတွင် ဒီမင်းရှားကြောင့် ဆက်စပ်ဖြစ်နေသည့် Hoarding behavior ကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ကို ဆက်လက်အကြံပေးတင်ပြသွားပါမည်။ ဒီမင်းရှား ဖြစ်စ တွင် အပြင်ပန်းအားဖြင့် ပစ္စည်းများစုပုံရှုပ်ပွနေသည်ကို ဝေဒနာရှင်၏ အခန်းလောက်တွင်သာ မြင် လွယ်နိုင်ကြ၏။ Hoarding behavior ဆိုးလာသည်နှင့်အမျှ အိမ်ရှိနေရာအားလုံးကို တစတစတိုး လာကာ၊ ပစ္စည်းထားသိုခန်း၊ ဧည့်ခန်း၊ အိမ်သာ ရေချိုး ခန်းပါမချန် နေရာလွတ်မှန်သမျှ ပစ္စည်းစုံ ရှုပ်ပွ ပြည့်ကျပ်လာပေတော့သည်။ အလွန်ဆိုးလာသည့်အခြေအနေတွင် လူတစ်ယောက် သွားလာ နိုင်သည့်လမ်းလောက်သာ ကျန်ရှိတော့သည်။ ပြဿနာမှာ ဒီမင်းရှားဝေဒနာရှင်သည် စုပုံ ပြည့်ကျပ် နေသည့် ပစ္စည်းများကို ရှင်းရန်လက်မခံခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးကို ရင်ဆိုင်နေ ရသည့် ဒီမင်းရှားလူနာ၏ မိသားစုအတွက်မှာ ဖြေရှင်းရခက်ခဲကာ စိတ်ဖိစီးမှုများ ဖြစ်ကြရသည်။ Hoarding behavior သည် ဒီမင်းရှားကြောင့်ဖြစ်ပေါ်လာနိုင်သော ရောဂါလက္ခဏာ တစ်ရပ်ဖြစ်ပြီး လူနာကိုယ်တိုင် တမင်သက်သက် လုပ်နေခြင်းမဟုတ်သဖြင့် စိတ်ရှည်ရှည်နှင့် ကိုင်တွယ်တတ်ရန် အရေးကြီးပါသည်။ လူနာသည် သူ၏စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်များကျဆင်းလာသဖြင့် စိတ် လုံခြုံမှု နှင့် ထိန်းချုပ်နိုင်စွမ်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပစ္စည်းများကိုဖက်တွယ်နေခြင်း ဖြစ်တတ်သည်။ ထိုသို့သော လူနာ၏ခံစားချက်ကို နားလည်လေးစားသောအားဖြင့် သူစုထားသည့် အရာများကို လွင့်ပစ်ရမည့်အရာများပါဝင်နေလင့်ကစား ‘အမှိုက်တွေပဲ’ ဟု ပြောဆိုသတ်မှတ် အပြစ် မတင်လိုက်ရန် အရေးကြီးပါသည်။ လူနာသည် အကျိုးအကြောင်း ရှင်းပြပြောဆိုခြင်းကို နားလည် မှတ်မိ လိုက်နာလုပ်ဆောင်နိူင်စွမ်းမရှိတော့ခြင်းကို သတိပြု လက်ခံရန် လိုအပ်ပါသည်။
သူ စုဆောင်းသိမ်းဆည်းထားသည်များကို ရှင်းလင်းရန် အတင်းအကျပ်ပြောဆိုခြင်း၊ သူ၏ သဘောတူခွင့်ပြုချက်မရဘဲ ပစ္စည်းများဖယ်ရှားစွန့်ပစ်ခြင်းတို့သည် လူနာကိုစိုးရိမ်စိတ်ပိုများစေပြီး မလိုလားအပ်သော ရုန့်ရင်းကြမ်းတမ်းသည့် အပြုအမူများကိုပါ ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထိပ်တိုက် ရင်ဆိုင်ခြင်း (Confrontation) ဖြင့်မဟုတ်ဘဲ တစ်နည်းလှည့်ပြောင်း၍ စီမံခန့်ခွဲခြင်း (Distraction or Redirection) ပုံစံဖြင့်လုပ်ဆောင်ရန်လိုသည်။ ဘေးကင်းလုံခြုံရေးကို ဦးစား ပေးပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးလျက်လုပ်ဆောင်ခြင်းနည်း (Prioritize safety and Gradually step by step approach) မှာ အောင်မြင်မှုရတတ်ပါသည်။ အရေးအကြီးဆုံးမှာ ခလုတ်တိုက် လဲကျနိုင်သည့်အန္တရာယ်နှင့် မီးဘေး အန္တရာယ် ရှိနိုင်သည့်ပစ္စည်းများကို ဦးစားပေး ရှင်းလင်းပါ။ သွားရလာရ မခက်စေရန် လူသွားလမ်းကြောင်း၊ တံခါးပေါက်ဝများနှင့် မီးဖိုချောင်နေရာများကို တတ်နိုင်သမျှ ရှင်းလင်းရန် အာရုံစိုက်ပါ။ ဧည့်ခန်းတစ်ခုလုံးကို တစ်ခါတည်း တစ်ပြိုင်နက် ရှင်းလင်းရန် ကြိုးစားမည့်အစား၊ တစ်ဖြည်းဖြည်းချင်း တစ်ကြိမ်လျှင် သေးငယ်သည့် နေရာလေး တစ်ခု (ဥပမာ- စားပွဲနေရာ၊ ထောင့်နေရာလေးတစ်ခု) နှင့် စတင်ကာရှင်းလင်းကြည့်ပါ။ မသိသာ စေရန် အပြင်မျက်နှာစာရှိ ပစ္စည်းများကို ပုံမပျက်စေဘဲ နဂိုအတိုင်းထားလျက် အတွင်းပိုင်းနှင့် နောက်ကွယ်ရှိပစ္စည်းများကိုအဓိကထား၍ရှင်းလင်းခြင်း၊ တစ်ရက်လျှင်အရေအတွက်အနည်းငယ် စီ လျှော့ချသွားခြင်း တို့က အဆင်ပြေနိုင်ပါသည်။
ရှင်းလင်းရာတွင် လူနာကို ပါဝင်စေပြီး သူကိုယ်တိုင် ဆုံးဖြတ်ချက်ချခွင့်ပေးပါ။ အများထဲမှ သူသိမ်းထားချင်သည့် အရာကို မေးမြန်းပါ။ သူ စုဆောင်းသိမ်းဆည်းထားချင်သည့် ပစ္စည်းအချို့ကို သတ်မှတ်ထားသော အမှတ်တရစုဘူး၊ သေတ္တာ၊ အံဆွဲ (Memory box or Junk drawer) တစ်ခုခု ထဲမှာထားခွင့်ပေးပါ။ အများအားဖြင့် သူ့အနေဖြင့် စဥ်းစားရခက်ပြီး ဆုံးဖြတ်ပေးနိုင်သည်မှာ နည်းနည်း၊ မိမိလျှင်မြန်စွာသိမ်းလိုက်သည်မှာ များများ ဖြစ်စေခြင်းအားဖြင့် အလုပ်ပြီးသွားရန် ကြိုးစားပါ။ ချက်ချင်းပစ်ရမည့်အရာများကိုမူ ချက်ချင်းစွန့်ပစ်ပါ။ အလျော့အတင်း၊ အပေးအယူကို အခြေအနေအရ ပါးနပ်စွာလုပ်တတ်ရန်လိုပါသည်။ ရှင်းလင်းနေစဉ်တွင်လည်း ပစ္စည်းများကို မိမိ ရွေ့ပြောင်းသိမ်းဆည်းပေးနေခြင်းမှာ ဘေးကင်းရန်၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်း သပ်ရပ် သွားစေရန်၊ သူ့အတွက်အခက်အခဲရှိသည်ကို မိမိကကူညီနေခြင်းဖြစ်ကြောင်း နားလည်ရန်ပြော ပြပါ။ နားလည်မှတ်မိချင်မှမှတ်မိမည်ဖြစ်သော်လည်း ပြောရမည်မှာ မိမိအလုပ်ဖြစ်ပါသည်။ မိမိ စိတ်ကိုလျော့ထားရန် နှင့် အသံနေအသံထားပျော့ပျောင်းရန် အရေးကြီးပါသည်။ သူသိစေရန် ပြောလည်းပြော လုပ်လည်းလုပ်ပါ။ ဥပမာ“ဒါက သွားလမ်းပေါ် ရောက်နေတော့ ညဘက် အိမ်သာ သွားရင် ခလုတ်တိုက်ပြီး လဲကျမှာစိုးရတယ်”၊ “ဒါကြီးက ပြူတင်းပေါက်ကို ပိတ် ကာထားတော့ မှောင်နေတာပေါ့” စသည်ဖြင့်ပြောရင်း တဖြေးဖြေးချင်း ဖယ်ရှားရှင်းလင်းသွားရန်ဖြစ်သည်။ သူ ပြန်မပြောဘဲငြိမ်နေလျှင် သဘောတူလက်ခံသည်ဟုယူဆနိုင်သည်။ သူ့အခြေအနေကို အကဲခတ် ပါ။ မျက်စိနောက်လာ စိတ်ရှုပ်လာသလိုပြခြင်း၊ မကြိုက်တော့ဘဲ စိတ်တို ဒေါသထွက်လာခြင်း ဖြစ်ပါက ဆက်မလုပ်တော့ဘဲ ထိုနေ့အတွက် ရှင်းလင်းရေးပြုလုပ်ခြင်းကိစ္စကို ရပ်လိုက်ပါ။ “အိမ်ရှင်းတာ ပင်ပန်းသွားပြီထင်တယ်၊ တစ်ခုခု စားကြရအောင်” စသည်ဖြင့်ပြောကြားကာ စိတ်ကို ပြောင်းပေးလိုက်ပါ။ သူလက်ခံမည်ထင်ရသော တခြားအကျိုးရှိမည့်ပုံစံ (ဥပမာ-ကဲ ဆက်ပီး မရှင်း တော့ဘူး၊ ဒီမဂ္ဂဇင်းဟောင်းတွေကိုပဲ အတွဲလိုက် အမှတ်စဥ်လိုက် စီလိုက်ကြရအောင်) ဖြင့် အာရုံ ပြောင်း လုပ်ပေးခြင်းနည်းသည်လည်း ပွကျဲနေသည်များကို သေသပ်သွားစေမည်ဖြစ်သည်။
လက်တွေ့တွင် အကြောင်းစုံဖြင့်စုထားသိမ်းဆည်းလာသောအရာများကို သူတို့ကိုယ်တိုင် လည်း မမှတ်မိတော့ပါ။ တချို့မှာ သာမန်သိမ်းထားသည့်အဆင့်ထက်ကျော်လွန်၍ သူများမသိ အောင်၊ မမြင်အောင် သိုဝှက်ထားကြသည်လည်းရှိသည်။ တချိန်လုံး သတိမရတော့ဘဲ ကာလကြာ ရှည်စွာပစ်ထားခဲ့သောအရာများမှာ အမြင်မတော်သဖြင့် သွားပြီးရှင်းလင်းသည့်အခါမှသာ၊ ထိုအရာ များမှာအရေးကြီးသည်၊ အဘိုးတန်သည်၊ လာမထိနှင့်၊ မကိုင်နှင့်ဖြစ်လာတတ်သည်။ ထိုသို့ လူနာက သူ့ပစ္စည်းဖယ်ရှားခြင်းကို လုံးဝလက်မခံလျှင် “ ဘာတစ်ခုမျှလွင့်မပစ်ပါဘူး” ၊ “ စနစ်တကျလေး စီ ပြီး သိမ်းပေးထားမှာပါ” စသည် ဖြင့်ပြောကြည့်ပါ။ လက်ခံလျှင် “ နေရာရွှေ့ပြောင်းခြင်း” နည်းလမ်း (The “ Relocation” strategy) ကိုသုံးနိုင်ပါသည်။ လူမြင်မကောင်းသောအရာများ (ညစ်ထေး စုတ်ပြတ်နေသော သတင်းစာအဟောင်း) ကို မမြင်သာအောင် အလုံပိတ် သေတ္တာများ (Storage boxes) ထဲ ထည့်ပြီး လူမြင်ကွင်းမှဖယ်ရှားလိုက်ပါ။ လိုချင်သည့်အခါ သည်သေတ္တာများထဲမှ ပြန်ယူနိုင်သေးကြောင်းပြောြပီး သူစုထားသော အရာများနှင့်ပတ်သက်ပြီး ဆုံးရှုံးသွားပြီ ဆိုသည့် ခံစားရမှု မဖြစ်စေရန်၊ ဂရုတစိုက်ရှိကြောင်းပြသရန် သေတ္တာကို သင့်လျှော်သောစာကြောင်းတစ်ခုခု (ဥပမာ-“ ဒီနှစ်အတွက်မှတ်တမ်းများ” ) ရေးထားလိုက်ပါ။ လွင့်ပစ်မှဖြစ်မည့်အရာများကို မသိအောင် ပစ်လိုက်ပါ။ ရှင်းလင်းလိုက်သည့် နေရာများတွင်လည်း အမြင်အာရုံလွှဲခြင်း (Visual distraction) ဖြစ်စေရန် သစ်လွင်လှပသည့်အရာတစ်ခုခု (ဥပမာ-အပင်ငယ်၊ ပန်းအိုး၊ ပန်းပုရုပ်) နှင့်အစားထိုး ထားပေးနိုင်ပါက ပိုကောင်းပါသည်။ နောက်ထပ်စုပုံရန် နေရာမပေးသလိုလည်း ဖြစ်သွားပါမည်။ ဖြစ်နိုင်လျှင် အိမ်ရှင်းနေစဉ် အဆင့်ဆင့် ဓာတ်ပုံမှတ်တမ်း (မရှင်းလင်းမီ ပစ္စည်းများ စုပုံနေသောပုံ၊ ပစ္စည်းများကို ပုံးများထဲ စနစ်တကျ ထည့်နေသောပုံ၊ ရှင်းလိုက်ပြီးနောက် လူသွားလမ်းကြောင်း ကျယ်ဝန်းပြီးရှင်းလင်းနေသောပုံ) ယူထားပေးပါ။ လူနာက “ငါ့ပစ္စည်းတွေ ဘယ်ရောက်သွားလဲ” ဟု မေးလာသည့်အခါ “ မပျောက်ပါဘူး၊ လုံလုံခြုံခြုံ သိမ်းပေးထားတာပါ” ဆိုပြီးဓာတ်ပုံများနှင့်ပြလိုက် ပါက စိတ်ကျေနပ်သွားနိုင်ပါသည်။ လိုအပ်သည့်အခါြပန်ဖတ်ရန်၊ ပြန်ကြည့်ရန်၊ အမှတ်တရ သိမ်းထားရန် စသည့်အတွေးမျိုးစုံဖြင့် ကြာရှည်စွာသိမ်းထားလာခြင်းမျိုးဖြစ်ပါက သူတန်ဖိုးထား ပြီး သိမ်းထားသည့်အရာများ၊ ဖိုင်များ၊ စာအုပ်များတို့ကို မိမိလည်း တန်ဖိုးထားသည်ကို ပြသသည့် သဘောြဖင့် မလွင့်ပစ်ပဲ “ စာအုပ်စင်” များဝယ်ယူကာ သူလက်ခံ ကျေနပ်မည့်ပုံစံဖြင့် အမျိုးအစား ခွဲခြား ခေါင်းစည်းတပ်ကာ ဖရိုဖရဲ ဖြစ်နေသော “စာအုပ်ပုံ”ကို သေသပ်စွာစီထားသော “စာအုပ်စင်” အဖြစ်ပြောင်းလိုက်လျှင်အဆင်ပြေတတ်ပါသည်။
ဒီမင်းရှားဝေဒနာရှင်များသည် အိမ်တွင်ဘာမှလုပ်စရာမရှိဘဲ အထီးကျန်ဆန်ဆန် ငြီးငွေ့ ပျင်းရိစွာ နေကြရခြင်းသည် အိမ်ပြင်ထွက်၍ အသုံးမလိုအပ်သည့်အရာများ၊ သူများစွန့်ပစ်ထား သောပစ္စည်းများကို အိမ်တွင်းသို့ ထပ်မံသယ်ယူလာရန် အခွင့်အလမ်းပေးသလို ဖြစ်နိုင်တတ်သည်။ အပြင်မှပစ္စည်းများကိုထပ်မယူလာအောင်လည်း တားဆီးရန်လိုမည်။ မဟုတ်လျှင် မိမိကရှင်းလိုက် သူက ထပ်ဖြည့်လိုက်နှင့် ရှင်း၍မဆုံး ဖြစ်နေလိမ့်မည်။ အပြင်ထွက်၍လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက်ကောင်းသည်။ သို့သော် တစ်ယောက်တည်းမဟုတ်ဘဲ စောင့်ရှောက်သူ နှင့် အတူတူသွားပါ။ လမ်းလျှောက်မည့်နေရာကိုလည်း အလွယ်တကူ ကောက်ယူလာရန်ပစ္စည်းများ မရှိနိုင်သောနေရာ (ဥပမာ-ပန်းခြံ ) ကိုသာရွေးချယ်ပါ။ ထည့်စရာအိတ် သို့မဟုတ် စျေးဝယ်ခြင်း တောင်း စသည်တို့ကို မယူသွားပါစေနှင့်။ အပြင်မှ အိမ်ပြန်ရောက်လာတိုင်း သယ်ယူလာသည့် ပစ္စည်းများ ပါလာခြင်းရှိမရှိ မသိမသာ စစ်ဆေးပါ။ ပစ္စည်းတွေ့လျှင် အခြေအနေအရ ခွင့်တောင်း ခြင်းဖြင့်လည်းကောင်း၊ အသိမပေးဘဲ ရှင်းလင်းလိုက်ခြင်းဖြင့်လည်းကောင်း၊ ချက်ချင်း ဖယ်ရှား လိုက်ပါ။ ဆွေးနွေးငြင်းခုံခြင်း အပြစ်ပြောဆိုခြင်းတို့ကိုမူ ရှောင်ရှားရန်လိုသည်။ လက်မခံသေးချိန် တွင် ခဏစောင့်ဆိုင်းပြီး မေ့သွားလောက်သည့်အချိန်တွင် လျင်မြန်စွာဖယ်ရှားခြင်းကိုလုပ်ပါ။
Hoarding သည် ဒီမင်းရှား၏ ဆိုးရွားမှုအခြေအနေ အဆင့်နှင့်လည်းသက်ဆိုင်သည်။ အပြုအမူပိုင်းဆိုင်ရာ ကုထုံး (Behavioral therapy) သို့မဟုတ် ဆေးဝါးနှင့်ကုသမှု လိုအပ်သည်၊ မလိုအပ်သည် ကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ အကယ်၍ လူနာက သူ စုထားသည့် သိမ်းထားသည့် ပစ္စည်းများကို လုံးဝရှင်းလင်းခွင့်မပေးသဖြင့် အိမ်ထဲတွင် ပစ္စည်းများပုံနေသည့် ပုံစံ (Hoarding level) ကို ဓာတ်ပုံရိုက်ပြီး (လူနာ မသိအောင်) ဆရာဝန် သို့မဟုတ် စိတ်ပညာရှင် (Psychologist) ကို ပြသပါ။ သူ၏အခြေအနေကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ဆရာဝန်အား လိုအပ်မည့် အချက်အလက်များကို ပြည့်စုံစွာပေးခြင်းဖြင့် ပိုမိုထိရောက်သည့် ပူးပေါင်းဆောင်ရွက် ကုသမှုမျိုးကို ရရှိရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။ ထိုအခါ ဆရာဝန်အနေဖြင့် သူတို့၏အပြုအမူနှင့် ရောဂါအဆင့်ကို ခန့်မှန်းသိရှိနိုင်ပြီး သင့်တော်သည့်ဆေးနှင့် အပြုအမူပိုင်းဆိုင်ရာကုထုံး (Non-pharmacological behavioral therapy) ကို အကြံပေးနိုင်ပေမည်။ ဆေးသောက်နေသော်လည်း အခြေအနေ ပိုဆိုးလာလျှင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောပြရန်လိုသည်။ သို့မှသာ သင့်တော် သော ဆေးဝါးအမျိုးအစားနှင့်ပမာဏကို ပြောင်းလဲ ချိန်ညှိရန် လွယ်ကူမည်ဖြစ်သည်။ လိုအပ်ပါက ယခုကဲ့သို့သောလူနာမျိုးကို လက်ခံကုသပေးသည့် အထူးကုဆရာဝန်နှင့် ပြရမည်ဆိုလျှင်လည်း ဆရာဝန်လွှဲပြောင်းပေးခြင်းကို နားလည်လက်ခံပါ။
ဒီမင်းရှားဝေဒနာရှင်မိသားစုဝင်များအနေဖြင့် ပစ္စည်းများသည်ဧည့်ခန်းတွင် ရှုပ်ပွနေခြင်း ကြောင့် ဧည့်သည်လာလျှင် ထိုင်စရာနေရာမရှိအောင် အမြင်မကောင်းဖြစ်နေ၍ အားနာစိတ်နှင့် စိတ်မကောင်းဖြစ်ကြမည် မှန်သော်လည်း ထိုအားနာစိတ်ကို လျှော့ချပါ။ စိတ်ဖိစီးမှုအဖြစ်မခံပါနှင့်။ ဧည့်သည်အား ဧည့်ခန်းတွင် မဟုတ်ဘဲ အဆင်ပြေမည့် အခန်းငယ်လေးတစ်ခု သို့မဟုတ် မီးဖိုချောင် စားပွဲလေးမှာထိုင်ရန်စီစဉ်ပေးပါ။ ဧည့်သည်များ၏အမြင်ကောင်းရန်ထက် ကိုယ့်မိသားစု အဆင်ပြေ ရေးနှင့်ဘေးကင်းကျန်းမာရေးသည်သာ ပိုအရေးကြီးကြောင်းခံယူထားပါ။ ပြုစုစောင့်ရှောက်ကြရ သူများအနေဖြင့်လည်း မိမိတို့၏ စိတ်ဖိစီးမှုဒဏ်ကိုလည်း ထိန်းချုပ်ကိုင်တွယ်ခြင်း (Caregiver stress management) လုပ်ရန် လိုအပ်သည်။ မိမိမှာ အလွန်စိတ်ရှည်ရှည်ထား သည်းခံပြီး မတတ် သာသဖြင့် သန့်ရှင်းရေးအလုပ်သမားကဲ့သို့ လုပ်နေရသည်ဟုသဘောမထားဘဲ လူကောင်း တစ်ယောက်ကဲ့သို့ တွေးနိုင်လုပ်နိုင်ခြင်း မရှိတော့သည့် သနားဖွယ်လူနာတစ်ယောက်ကို ဂရုတစိုက် ပြုစုပေးနေသူ၊ ကောင်းစေလိုသည့်စိတ်စေတနာနှင့် လုပ်ပေးနေသူအဖြစ်ခံယူလိုက်ပါက စိတ်ဖိစီး နေမှုလျော့ကျ သွားပေလိမ့်မည်။ အောင်မြင်ပြီးစီးအောင် လုပ်နိုင်မည့်အကြံကောင်းများလည်း ပေါ်လာပေလိမ့် မည်။ အိမ်ရှိပစ္စည်းများ ဖရိုဖရဲ ဖြစ်နေခြင်းသည် မိမိ၏ညံ့ဖျင်းမှုကြောင့်ဟု မိမိကို မိမိ အပြစ်မတင်ပါနှင့်။ လူနာ၏ ရောဂါကြောင့် ဖြစ်လာသောလက္ခဏာတစ်ခုဟုမှတ်ယူပြီး မိမိ အပြစ်၊ မိမိညံ့ဖျင်းမှုလည်းပါသည်ဟု ခံစားနေမှုကိုဖယ်ရှားပစ်ရမည်။ လူနာအကြောင်းကို ခဏမေ့ ထား ပြီး တစ်နေ့ကို အနည်းဆုံး တစ်နာရီ သို့မဟုတ် မိနစ်သုံးဆယ်ခန့် ကိုယ့်အတွက် သီးသန့် အနားယူချိန်ထားပြီး နှစ်သက်ရာလုပ်ခြင်း (အင်တာနက်သုံးခြင်း၊ တေးသီချင်း နားထောင်ခြင်း၊ ကိုယ်လက်လှုပ်ရှားကစားခြင်း၊ တရားထိုင်ခြင်း) ဖြင့် စိတ်ကိုအနားပေးပါ။ ရေရှည်ပြုစု စောင့်ရှောက်ကြမည့်ခရီးလမ်းမှာ ပြုစုသူတို့ ပင်ပန်းနွမ်းနယ်မှု (Burnout) မဖြစ်ရန်လိုသည်။ ပြုစုစောင့်ရှောက်သူ အထောက်အကူပြုအဖွဲ့ (Caregiver support group) ကဲ့သို့သော အတွေ့အကြုံ ရှိသူများနှင့်ဖွဲ့ထားသည့် အဖွဲ့အစည်းရှိလျှင် ဆက်သွယ်ကြပါ။ စိတ်ဖိစီးမှုကို လျော့ကျ သွားစေမည့်နည်းများ၊ ကိုင်တွယ်ဖြေခြင်းသင့်သည့် အကြံဉာဏ်ကောင်းများ ကို သူတို့ ထံမှရရှိနိုင်ပါသည်။ တစ်ဦးတည်း ကြိတ်ပြီးခံစားကာလုပ်နေရန်မကြိုးစားပါနှင့်။ မဖြစ်သင့်သော စိတ်ဖိစီးမှုများကြောင့် စုပြုံပေါက်ကွဲခြင်း မဖြစ်စေရန် ကိုယ့်အတွက် အနားယူချိန်ဖန်တီးခြင်း သို့မဟုတ် ယုံကြည်ရင်းနှီးသည့် မိတ်ဆွေတစ်ဦးနှင့် ရင်ဖွင့်ပြောကြားခြင်းတို့ပြုလုပ်ပါ။ တစ်ခါတရံ မိမိအိမ်အခြေအနေနှင့်ခံစားနေရမှုများကို ပွင့်လင်းစွာဖွင့်ချ ပြောပြလိုက်ခွင့်ရရုံဖြင့် စိတ်ပေါ့ပါးသွား စေနိုင်သည်။ မိမိအနေဖြင့်စိတ်ဖိစီးမှုများပြီး ပင်ပန်းနွမ်းလျ လက်ပန်းကျလာခြင်း၊ ခံနိုင်ရည်မရှိ တော့ခြင်းမျိုးခံစားလာရပါက ကိုယ်တိုင်လည်းဆရာဝန်နှင့်ပြသသင့်ပါသည်။ မိမိကိုယ်တိုင်စိတ်ပိုင်း ဆိုင်ရာ ကျန်းမာခိုင်ခံ့မှုရှိသည့်အခါမှ သူတစ်ပါးကို ပိုမိုကောင်းမွန်ထိရောက်စွာ ပြုစုနိုင်ပါမည်။
အချုပ်အားဖြင့် Hoarding သည် အလွယ်တကူပျောက်သွားမည့် အပြုအမူမျိုး မဟုတ်ပါ။ နားလည်ရခက်ပြီး ကိုင်တွယ်ဖြေရှင်းရလည်းခက်ပါသည်။ ဒီမင်းရှား ရောဂါအခြေအနေ တိုးလာပြီး လုပ်နိုင်စွမ်းမရှိတော့သည့်အခါမှ ရပ်သွားတတ်သည်။ ထိုအဆင့် မရောက်မီ Hoarding ကို လက်ရှိ တွေ့ကြုံနေရသည့် ဒီမင်းရှား ဝေဒနာရှင် မိသားစုများအတွက် ဤဆောင်းပါးသည် တစ်ခုသော အတိုင်းအတာထိ အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
အားလုံး အဆင်ပြေကြပါစေ။ ဆန္ဒမွန်ဖြင့်…..
(ဒေါက်တာသန်းထွန်းအောင်)





