ဒီမင်းရှား ဝေဒနာရှင်များ၏ အေးတိအေးစက်နှင့် လုပ်ချင်ကိုင်ချင်စိတ်မရှိတော့သည့်အပြုအမူ (Apathy in Dementia)

ဒေါက်တာသန်းထွန်းအောင်

              ဒီမင်းရှား (Dementia ) ရောဂါကြောင့် Apathy ဖြစ်နေသည်ကို ပုံဖော်ရလျှင် “ရောဂါရှင်သည် မည်သည့်အရာကိုမျှ စိတ်မဝင်စားတော့ဘဲ စိတ်အားထက်သန်မှု (motivation ) နှင့် လုပ်ချင်ကိုင်ချင်စိတ် (Drive )လည်း မရှိတော့သဖြင့် အလိုအလျောက် အေးတိအေးစက်ဖြစ်သွားပြီး အသေးအမွှားအလုပ်ငယ် များကိုပင် ကူညီတိုက်တွန်းမှုမပါလျှင် မလုပ်တော့ခြင်း” ဟုဆိုရပါလိမ့်မည်။ Dementia ကြောင့် ဦးနှောက် ဆဲလ် များတဖြည်းဖြည်း ပျက်လာသည့်အခါ လှုံ့ဆော်မှုနှင့်စိတ်အားထက်သန်မှုကို ထိန်းချုပ် သည့် ဦးနှောက် အစိတ်အပိုင်း က အလုပ်ကောင်းစွာ ပုံမှန်မလုပ်တော့ Apathy ဖြစ်လာရခြင်းဖြစ်ပါသည်။ အထူးသဖြင့် Dementia ရောဂါ တဖြည်းဖြည်း ရင့်လာသည့်အခါ ရောဂါသဘာဝအတိုင်းကြုံတွေ့ရတတ်သည့် အခြေ အနေ တစ်ခုလည်းဖြစ်ပါသည်။

            ရောဂါဖြစ်စဉ်ကိုပြောရလျှင် မှတ်ဉာဏ်ကိုသိမ်းဆည်းပေးသည့် ဦးနှောက်၏ အဓိကနေရာဖြစ်သော နားထင်ဖုအတွင်းဖက်ပိုင်း (medial temporal lobe) ရှိ Hippocampus (ဟစ်ပိုကမ့်ပတ်စ်) အပိုင်း ချုံ့သွား ကျုံ့သွားပြီး အရွယ်အစား သေးငယ်သွားခြင်းက Dementia (အထူးသဖြင့် Alzheimer’s) ရောဂါ၏ သတိ မေ့လျော့လာခြင်းနှင့်ဆိုင်ပါသည်။ Frontal Lobe (ဦးနှောက် အရှေ့ နဖူးဖက်ပိုင်းအဖု)၏ Prefrontal Cortex ဟုခေါ်သည့် နဖူးပြင်နောက်တည့်တည့်အပိုင်းကိုထိသွားလျှင် စိတ်ဆန္ဒတက်ကြွမှု (Motivation)၊ အစီအစဉ် ချမှတ်မှု (Planning)၊ ဆုံးဖြတ်ချက်ချမှု (Judgement) နှင့် လူမှုရေးဆိုင်ရာပြုမူပုံများ (Social behaviors) တို့ မှာ ယိုယွင်းလာတော့သည်။ ထိုအခါ ဦးနှောက်၏ လုပ်ကိုင်လိုစိတ်ကိုလှုံ့ဆော် အမိန့်ပေးနိုင်စွမ်း (Drive) ပျောက်ဆုံးသွားပြီး မည်သည်ကိုမျှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘဲ ငြိမ်သက်သွားကြရခြင်း ဖြစ်ပါသည်။ Frontal Lobe နှင့် ချိတ်ဆက်ပြီး စိတ်ပျော်ရွှင်ကျေနပ်မှုခံစားချက် ဖြစ်စေရန်အတူတူလုပ်ဆောင်ပေးသည့် ဦးနှောက်၏အတွင်း အနက်ပိုင်း အလယ်ဗဟို အာရုံကြောစုများရှိသည့် Basal Ganglia နေရာကို ထိခိုက် သွား သည့်အခါတွင်မူ ယခင် ပျော်ရွှင်ကြိုက်နှစ်သက်သည့်အရာများကို သူတို့အားလုပ်ပေးသော်လည်း ဦးနှောက် ချို့ယွင်းမှုကြောင့် ပျော်ရွှင်ကျေနပ်မှုခံစားချက်မရရှိဘဲ ဝေဒနာရှင်အနေဖြင့် မည်သည်ကိုမျှ စိတ်မပါတော့ခြင်း နှင့် ပျော်ရွှင်မှုမရှိတော့ခြင်းတို့ ဖြစ်လာပါသည်။ ထိုကဲ့သို့ ဦးနှောက်၏ အစိတ်အပိုင်းများ ပျက်စီးသွားသည့်အခါ ဦးနှောက်အာရုံကြောများကို အချင်းချင်း သတင်းပေးယူ ဆက်သွယ်ရာတွင် အရေးပါ သော Dopamine (ဒိုပါမင်း) ဓာတ်ပစ္စည်း ထုတ်လုပ်မှုပါ နည်းပါးသွားသည်။ ထိုအခါ လူနာသည် အတွေး အခေါ်၊ ခံစားချက်နှင့် လှုပ်ရှားမှု သုံးခုစလုံးတွင် စိတ်အား ထက်သန်မှု မရှိတော့ဘဲ အလိုအလျောက် Apathy  ဖြစ်သွားရခြင်းဖြစ် ပါသည်။ မေ့လာခြင်းပြဿနာ (Memory problem) မရှိ​သေးမီ Apathy ကို ဦးစွာလည်း တွေ့ရတတ်ပါသည်။ Alzheimer’s Dementia မဟုတ်ဘဲ တခြား Dementia အမျိုးအစားများဖြစ်သည့် Dementia with Lewy bodies (DLB) ၊ Parkinson’s disease Dementia ၊  Frontotemporal Dementia (FTD) နှင့် Vascular Dementia (VaD) တို့တွင် Apathy ကို ပိုစောပြီး တွေ့နိုင်ပါသည်။

              Apathy သည် စိတ်ဓာတ်ကျခြင်း (Depression) နှင့်တူသယောင်ထင်ရသော်လည်း မတူကြပါ။ စိတ်ဓာတ်ကျ သူများတွင် အနှုတ်ဖက်ဆောင်သည့်လက္ခဏာများ (Negative symptoms) ဖြစ်သော စိတ်အား ငယ်ခြင်း၊ ဝမ်းနည်းခြင်း၊ ငိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကိုယ့်ကိုယ်ကို မျှော်လင့်ချက်မဲ့ပြီး အသုံးမကျသူ တန်ဖိုးမရှိသူအဖြစ်မြင်ခြင်း၊ သေချင်ပြီဟု ပြောဆိုလာခြင်း နှင့် မိမိ၏အပြစ်သာဟုမှတ်ထင်နေခြင်း (guilty feeling) မျိုးရှိတတ်ကြပါသည်။ Apathy ဖြစ်လျှင်မူ ထိုသို့ (Negative symptoms) များမရှိတတ်ပါ။ တစ်နေ့ လုံး ဘာမျှမလုပ်ဘဲ ထိုင်နေခြင်း၊ တစ်ဦး တစ်ယောက်က လုပ်ဆိုမှလိုက်လုပ်ခြင်း၊ စိတ် ဇွဲ ဆန္ဒ ခံစားချက် လုံးဝမရှိသလို ဖြစ်နေခြင်းမျိုးကို တွေ့ရပါသည်။ ယခင်က ကြိုက်နှစ်သက်သဖြင့် စွဲနစ်စွာလုပ်ခဲ့သည့်အရာ များကို ယခုအခါမလုပ်ချင်တော့ခြင်း၊ စကားစမြည်ပြောရန်ပင် စိတ်မပါခြင်း၊ အနီးပတ်ဝန်းကျင်မှာမည်သို့ ဖြစ်နေပါစေ မိမိနှင့်မဆိုင်သကဲ့သို့ ဂရုမစိုက်တော့ခြင်း၊ တကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာကိစ္စများ လုပ်ဆောင် ရန် နှင့် အစာစားသောက်ရန်ကိုပင် စိတ်မပါခြင်း၊ ပျင်းရိ လေးလံ နေခြင်းမျိုး ဖြစ်နေပါသည်။ နေ့ပိုင်းအိပ်ချိန် လည်းပိုများ လာတတ်ကြပါသည်။ တချို့ Dementia လူနာများတွင် Apathy  နှင့် Depression နှစ်ခုစလုံး တွဲလျက်လည်း ရှိနေတတ်ကြပါသည်။ ထိုအခါ ခွဲခြားရအလွန်ခက်ပါသည်။ ဆရာဝန် နှင့်တိုင်ပင် ပြသကြည့် ရန် လိုအပ်ပါမည်။  လူနာ အခြေအနေ သည် Apathy မဟုတ်ဘဲ စိတ်ဓာတ်ကျခြင်းမှာ အဓိကဖြစ်နေလျှင် ခန္ဓာကိုယ်အတွက် ဆိုးကျိုး အနည်း ဆုံးဖြစ်ပြီး အသက်ကြီးပိုင်းနှင့်သင့်တော်သည့် စိတ်ကျကုသဆေး (Antidepressant) အပျော့စားကို ဆရာဝန်များ က ချိန်ဆပြီး ညွှန်ကြားပေးတတ်ကြပါသည်။

              Apathy ဖြစ်နေသည့်လူနာက ထိုသို့ စကားမပြောလိုခြင်း၊ စိတ်မပါဖြစ်နေခြင်းသည် ပြုစုသူကို စိတ်တိုင်းမကျ၍ စိတ်ဆိုး၍ တမင်သက်သက် လုပ်နေခြင်းမဟုတ်ဘဲ သူတို့၏ရောဂါကြောင့် ဆိုသည်ကို နားလည်ပေးနိုင်ရန်လိုပါသည်။ တခါတရံ ပြုစုနေကြသူများအနေဖြင့် ဝေဒနာရှင်ကို “သိပ်ပျင်းလာတာဘဲ၊ ပြောစကားနားမထောင်ဘူး၊ အရမ်းခေါင်းမာတယ်၊ စိတ်မရှည်တော့ဘူးနော်၊ အရမ်းဒုက္ခပေးတာဘဲ” စသည် ဖြင့် ပြောမိသွားတတ်ကြသည်။ ထိုသို့မပြောမိကြရန် အထူးသတိထားရန်လိုပါသည်။ လက်တွေ့အားဖြင့် မည်သို့ဖြစ်နေမှန်းမသိနိုင်ဘဲ မပြုံးမရီ မပြောမဆိုနှင့် မလုပ်ချင်မကိုင်ချင် ဖြစ်နေသည့် သက်ကြီးတစ်ဦးကို ပြုစုရသည်မှာ အမှန်ပင်မလွယ်ကူလှပါ။ ပြုစုစောင့်ရှောက်သူများအနေဖြင့် Apathy ဖြစ်လာလျှင် ယခင်က ထက် ပို၍ သတိပြုဂရုစိုက် စောင့်ကြည့်ပေးရန်လိုသည့်အချက်များလည်း ရှိလာပါသည်။ အစားနည်းလာ ခြင်း ကြောင့် အာဟာရချို့တဲ့မှု  အားပြတ်မှု ဖြစ်လာခြင်း၊ ရေဓာတ်ကုန်ခန်းနေခြင်း၊ စကားနည်းလာပြီး မိမိ ခံစား နေရသည်ကို ထုတ်ဖော်ပြောဆိုမှု မပြုခြင်းကြောင့် မသိလိုက်ဘဲဖြစ်သွားစေနိုင်သည့်အရာများ၊ ဥပမာ အားဖြင့် အဖျားတက်နေခြင်း၊ အရိုးအဆစ်များ ရောင်ရမ်းနာကျင်ကိုက်ခဲနေခြင်း၊ ဝမ်းချုပ်၍ဝမ်းညှစ်ရ သည် မှာ ပင်ပန်းအားကုန်နေခြင်း၊ ဆီးပူဆီးအောင့်ဖြစ်နေခြင်း စသည်တို့ ရှိမရှိကို သတိပြုစောင့်ကြည့်ကြရမည်။

              ဆေးပညာအရ Dementia လူနာများ၏ Apathy အခြေအနေကိုကုသရာတွင် ဆေးမပါဘဲပြုစု ကုသ နည်း ( Non-pharmacological approach) သည် ဘေးကင်းပြီး ထိရောက်မှုလည်းရှိသည်ဟု ယူဆထား ကြ ပသည်။ လူနာရှင်ကို အတင်းအကျပ် လှုံ့ဆော်ခြင်းမျိုး မဟုတ်ဘဲ သူတို့ စိတ်ချမ်းသာမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ နွေးထွေးလုံခြုံစိတ်သက်သာမှု ပေးဆောင်နိုင်သည့်အထိအတွေ့ (ဥပမာ- လက်ကို ကိုင်ပေး ထားခြင်း၊ ယုယစွာ ပွတ်သပ်ပေးခြင်း၊ ဖွဖွကလေးနှိပ်နယ်ပေးခြင်း) နှင့် လေးစားနားလည်စွာ ပြောဆိုဆက်ဆံ ပြုမူပုံများသည် အလွန်အရေးကြီးသည်။ ထိုသို့သောဆောင်ရွက်မှုများ ကို သင့်တော်သည့်အချိန် ကာလနှင့်  လိုက်လျောညီထွေ ပါးနပ်စွာအသုံးပြုတတ်လျှင် အလွန်ထိရောက်ပါသည်။  လိုအပ်လာလျှင်မူ ဆေးဖြင့် တွဲဖက်ကုသမှုကို  ရယူကြရမည်ဖြစ်ပါသည်။

            အစားစားရန် ပျင်းနေခြင်း၊ စိတ်မပါဘဲစားချင်စိတ်မရှိခြင်း ဖြစ်နေခြင်းတို့အတွက် အစားအသောက် ကို ပုံစံပြောင်းကြည့်ရန်လိုသည်။ ကယ်လိုရီဓာတ်များသည့်အစာကို နည်းနည်းနှင့်ခဏခဏ ကျွေးပေးပါ။ ဝါးရ၊ မျိုချရ လွယ်ကူ ပြီး အာဟာရပြည့်ဝသည့် စွပ်ပြုတ်၊ ဆန်ပြုတ်၊ သစ်သီးဖျော်ရည်အပျစ် စသည်တို့ကို ပြောင်းပြီး ကျွေးကြည့်ပါ။ အစားအသောက်ထည့်သည့် ပန်းကန် နှင့်ခွက်များကို အဖြူရောင်မဟုတ်ဘဲ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင် စသည့် တောက်ပသောပန်းကန်ခွက်များကိုအသုံးပြုလျှင် Apathy ဖြစ်နေသည့် သက်ကြီးများ၏ ဦးနှောက်က အစားအသောက်ကို ပိုမြင်သာပြီး စားချင်စိတ် ပိုရှိလာတတ် ကြောင်းတွေ့ရပါသည်။ အေးတိ အေးစက်ဖြစ်နေသည်ကို စိတ်အားတက်ကြွလာရန် ရိုးရှင်းသည့် ပြောဆို ဆက်ဆံမှုများနှင့် လှုံ့ဆော်မှုများ လုပ်ပေးရပါမည်။ သို့သော် မိမိလုပ်စေချင်သည့်အရာကို အတင်းအကျပ် မလုပ်ခိုင်းမိရန် အရေးကြီးသည်။ စိတ်ဆန္ဒ မစောရန်လိုသည်။ သူတို့ကို ပိုပြီးအချိန်ပေးရမည်၊ စိတ်ရှည်ရ မည်။ မိမိက အဝတ်အစားကို လဲစေချင်သည်၊ သို့သော် သူတို့ကချက်ချင်းလိုက်လုပ်ချင်မှလုပ်မည်။ လုပ်လို သည့်အလုပ်များကိုအဆင့်လိုက် ခွဲကာ တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်းတိုးပြီးလုပ်သွားခြင်းက သူတို့ အတွက်လုပ်ရလွယ်စေပါသည်။ သူတို့ အနေဖြင့် ကိုယ်တိုင် အစပြုဦးဆောင်ပြီး စဉ်းစားတွေးခေါ် မလုပ် ကိုင်နိုင်တော့၍ ပြုစုနေသူများ၊ မိသားစုဝင် များအနေဖြင့် ဘေးကနေ ဖြည်းဖြည်းချင်း လမ်းကြောင်းပေး ကူညီသွားကြရန်လိုအပ်ပါသည်။ ပြုစုသူများ အနေဖြင့် သူတို့လုပ်ချင်လာအောင် မည်သို့ ဆွဲဆောင်ပြောဆို ရမည်ကို စဉ်းစားရမည်။ တစ်နေ့တာ ပုံမှန်လုပ်ဆောင်ရန်ရှိသည်များ (Structured Routines) ကို ကျင့်သား ကျနေအောင်လုပ်ထားပေးပါက ပြုစုကြရာတွင် လွယ်ကူစေပါသည်။ ဆိုလိုသည်မှာ မနက် အိပ်ရာထချိန်၊ ရေပတ်တိုက်ချိန်၊ အစား စားချိန်၊ စသည်တို့ ကို နေ့တိုင်းအချိန်မှန်နေအောင်သတ်မှတ်ထားပေးပြီး လုပ်ဆောင်ခြင်းက စိတ်ရှုပ်ထွေးမှုကိုနည်းစေကာ လိုက်လျောညီထွေစွာ လိုက်ပါလုပ်ဆောင်မှုကို ပိုပြီး ဖြစ်စေပါသည်။ သူတို့ကိုမေးမြန်းရာတွင်စဉ်းစားတွေးယူကာ ဖြေဆိုရမည့်ရမေးခွန်းမျိုး (ဥပမာ “ဘာသောက်မလဲ”) ထက် ရရှိနိုင်သော သို့မဟုတ် လုပ်ဆောင်ပေးနိုင်သောအရာကို ရွေးချယ်စရာ ၂ ခု ထဲမှ ၁ ခု ရွေးခိုင်းသည့်မေးခွန်းမျိုး (ဥပမာ “ကော်ဖီသောက်မလား၊ လက်ဖက်ရည် သောက်မလား”) ကိုမေးခြင်းက သူတို့အတွက်ဖြေရလွယ်ကူစေမည်ဖြစ်သည်။ စကား ပြောဆိုဆက်ဆံမှုကို ရရှိတိုးတက်စေမည် လည်း ဖြစ် သည်။ သူတို့၏စိတ်အနေအထား၊ ပတ်ဝန်းကျင် နှင့် ပေးလာသည့်အခြေ အနေအပေါ်မူတည် ဆက်ဆံပြုမူ တတ်ရန်လိုသည်။ သူတို့စိတ်ပါချိန်လေးတွင် လုပ်ရန်ရှိသည်ကို လျင်မြန် ပါးနပ်စွာ လုပ်ကိုင် လိုက်ကြရမည်။ သူတို့အနားမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး အကြည့် ချင်းဆုံစေကာ လက်ကို ဆုပ်ကိုင်ပေး ထားပြီး မိမိ လုပ်ကိုင် စေလိုသည်ကို တဖြည်းဖြည်း ပြောဆို လုပ်ကိုင်ပါက ရတတ်ပါသည်။ သူတို့လိုက်လုပ်လာလျှင် သူတို့၏ ပါဝင်လုပ်ဆောင်လာမှုကို ကျေးဇူးတင်စကား ပြောကာ အသိအမှတ်ပြုပေးပါ။ သူတို့ကို အလေးဂရုပြု သည့်အနေဖြင့် ကြိုက်နှစ်သက်သည့်အရာ လေးများ (ဥပမာ သီချင်း၊ ဗွီဒီယိုဇာတ်လမ်း၊ တရားတော်များ စသည်တို့ ကို ဖွင့်ပြ ပေးခြင်း) ကို ချီးမြှောက်ခြင်း (Rewarding) သဘောဖြင့်လုပ်ပေးပါ။ ထိုအရာမျိုးက Apathy ရနေချိန်တွင် သူတို့ကို အတိုင်း အတာတစ်ခုအထိ စိတ်အေးချမ်းစေမှုကို ပေးစွမ်းနိုင်ပါသည်။ အမြင်အာရုံရှင်းစေရန် အတွက် ဝေဒနာရှင် နေသည့် အခန်းကို မှောင်မှောင်မည်းမည်း မထားဘဲ လုံလောက် သောအလင်းရောင် ရရှိပါစေ။ သဘာဝ အလင်းရောင်နှင့် သဘာဝ လေဝင်လေထွက် (Natural light and ventilation)  ရမည်ဆိုပါက ပိုကောင်းပါသည်။ အပြင်ပတ်ဝန်းကျင် အထူးသဖြင့် စိမ်းလန်းစိုပြေ နေသော သစ်ပင်များကို အခန်းမှ မြင်နေရပါက စိတ်ချမ်းသာမှုကို ထပ်ဆောင်းပေးပါသည်။ အခန်းမှ မမြင်ရ လျှင် လူနာကိုအခန်း အပြင်ဖက် သို့ထုတ်ကာ သဘာဝဝန်းကျင်ကို မြင်တွေ့ခံစားနိုင်ရန် လှပသည့်ရှုခင်းများ ကို မြင်နိုင်သည့်နေရာ (view  point) များကို ပို့ပေးပါ။

            ဆေးဝါးအနေဖြင့် Dementia ကြောင့်ဖြစ်သည့် Apathy ကိုတိုက်ရိုက်ပျောက်ကင်းစေနိုင်သောဆေး ဟူ၍ကား တိတိကျကျမရှိသေးပါ။ လူနာအချို့မှာ Donepezil, Memantine အစရှိသည့် Dementia အတွက် ပေးသည့် မှတ်ဉာဏ်တိုးတက်ဆေး (Cognitive enhancers) များသည် သိမှတ်နိုင်စွမ်းကျဆင်းမှုကို နှေးကွေး စေကာ ရောဂါကြောင့်ဖြစ်လာသည့် Apathy လက္ခဏာကိုပါ အတိုင်းအတာတစ်ခုအထိသက်သာနိုင်ပါသည်။ Cognitive enhancers များအပြင် တခါတရံ စိတ်ကျရောဂါပျောက်ဆေး ( Antidepressants) သို့မဟုတ် ဦးနှောက် လှုံ့ဆော်ဆေး (Psychostimulants)အချို့ကိုလည်း Apathy အတွက် စမ်းသပ် ပေးလေ့ ရှိကြ ပါသည်။ Psychostimulants တို့သည် ဦးနှောက်တွင်း ဒိုပါမင်း (Dopamine) ဓာတ်ကိုမြှင့်တင်ပေးခြင်း ဖြင့် စိတ်တက်ကြွလာစေမှုကိုဖြစ်စေပါသည်။ တစ်ဖက်တွင်လည်း ထိုဆေးများကြောင့် နောက်ဆက်တွဲ ထပ်တိုး ဖြစ်လာနိုင်သည့် ခေါင်းမူးဝေနောက်ကျိလာခြင်း၊ လမ်းလျောက်သည့်အခါ ခြေလှမ်းမခိုင်ဘဲ ယိမ်းယိုင်နေ ကာ ချော်လဲနိုင်ခြေပိုများလာခြင်း၊ နှလုံးခုန် နှုန်း မမှန်ခြင်း စသည့်ဆိုးကျိုးများရလာခြင်း ရှိမရှိ ကို သတိ ထားရပါမည်။  Apathy သည် ပါကင်ဆန် ရောဂါ (Parkinson’s disease) ကြောင့်ဖြစ်နေပါက Dopamine ဓာတ်များလာစေရန် Dopamine Agonists ဆေးများကိုပေးလိုက်ပါက သက်သာတိုးတတ်မှု ရှိကြပါသည်။ စိတ်ကျဝေဒနာ ခံစားနေရသူအတွက် Antidepressant သည် သက်သာစေမည် ဖြစ်သော်လည်း စိတ်ကျ ရောဂါမဟုတ်ဘဲ သောက်ခဲ့လျှင် စိတ်ခံစားချက်အေးစက်ထုံထိုင်းသွားစေခြင်း (Emotional Flattening) နှင့် ဆေးကြောင့်ဖြစ်သည့် Antidepressant-induced Apathy ကို တွေ့ရတတ်ပါသည်။

            ရောဂါတစ်ခုခု ဖြစ်ပြီးနောက်ပိုင်း စိတ်ရောကိုယ်ပါ အလွန်ပင်ပန်းသွားကြပြီးဖြစ်လာသည့် နလံထ နှေးကွေးလျက် နူံးချိအားနည်းခြင်း (Chronic Fatigue) မှာလည်း Apathy နှင့် မှားနိုင်ပါသေးသည်။ Fatigue  သည် အဓိကအားဖြင့်အားအင်ကုန်ခန်းသွားခြင်းဖြစ် ကောင်းစွာအနားယူခြင်း၊အာဟာရပြည့်ဝသော အစား အစာများ စားသုံးပေးခြင်း၊ သင့်တော်သောအားဆေးများ မှီဝဲခြင်းတို့ဖြင့် ပြန်လည်တိုးတက်ကောင်းမွန်လာ နိုင်ပါသည်။ Apathy မှာမူ မလှုပ်မရှားဘဲဖြစ်နေမှု ပိုများနေခြင်းဖြစ်၍ အနားယူစေခြင်းဖြင့် သိသာစွာ ပြောင်းလဲ တိုးတက်မှု မရှိတတ်ပါ။ အစားအသောက်နည်းခြင်းအတွက် ဗိုက်တာမင်ဓာတ် မျိုးစုံ ပါဝင်သည့် အားဆေး (Multi-vitamins) များကိုမူ တိုက်ကျွေးထားနိုင်ပါသည်။ သက်ကြီးများမှာ ကောင်းစွာ အိပ်မပျော် ကြ၍ တိုက်နေကြရသော အိပ်ဆေးများ၊ Dementia ကြောင့် စိတ်ဂဏာမငြိမ်၍ အထိန်းရခက်သော အပြုအမူ များအတွက် ပေးထားရသော စိတ်ငြိမ်ဆေးများကြောင့်လည်း Apathy ဖြစ်နိုင်ပါသေးသည်။ ထို့ကြောင့် သက်ကြီးများအတွက် သူတို့လက်ရှိသောက်နေကြသည့်ဆေးများကို ယူကြည့်ရန် လိုအပ်ပါ သည်။ ဆေးကြိမ် အတိုး အလျော့ နှင့် ဆေးအပြောင်းအလဲ ရှိမရှိ၊ ထပ်ထည့် ထားသောဆေး အမျိုး အစား အသစ်နှင့် သောက်နေသည့်ဆေးအား (Dose) မှန်ခြင်း မမှန်ခြင်း စသည်တို့ကို စစ်ဆေးကြည့်ရန် လိုပါသည်။

            တချို့လူနာရှင်တို့၏ ရောဂါရာဇဝင်ကိုပြန်ကြည့်လျှင် မကြာသေးမီအချိန်က လူနာရှင်နှင့် မိသားစု အတွင်း  ကြီးမားသည့်ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ထားသည်ကိုလည်းတွေ့ရတတ်ပါသည်။ ဥပမာအားဖြင့် နှစ်ပေါင်း များစွာ လက်တွဲလာခဲ့သည် ဘဝအဖော် အိမ်ထောင်ဖက်ဆုံးပါးသွားခြင်း၊ အလွန်ချစ်ခင် တွယ်တာ ရပြီး မိသားစု အတွက် အားကိုးမှီခိုနေရသည့် မိသားစုဝင်တစ်ဦးကွယ်လွန်သွားခြင်း၊ စသည်တို့နှင့် ရင်ဆိုင်ရ သည့် နောက်ပိုင်းတွင် အချို့ အသက်ကြီးပိုင်း ဝေဒနာရှင်များမှာ ပူဆွေးသောကရောက်ခြင်း (Grief) နှင့် Depression (စိတ်ဓာတ်ကျခြင်း) ကို ပြင်းပြင်းထန်ထန် ခံစားရတတ်သည်ကိုတွေ့ရပါသည်။ ထိုသို့ သော အခါမျိုးတွင် Dementia ဝေဒနာကြောင့် မိမိ၏ဝမ်းနည်းမှု၊ အထီးကျန်ဖြစ်နေမှုများကို နှုတ်ဖြင့် ထုတ် မပြော နိုင်သည့်အခါ Apathy ပုံစံဖြစ်သည့် စကားလုံးဝ မပြောတော့ဘဲ စိတ်ခံစားမှုမရှိသလိုဖြစ်နေခြင်း၊ စားချင် သောက်ချင်စိတ်မရှိခြင်း၊ မည်သည့်အရာကိုမှ စိတ်မပါတော့ဘဲ စိတ်ကျအားလျော့လိုက်သည့်ပုံ ဖြစ်နေခြင်း စသည်ဖြင့်တွေ့ရ ပါသည်။

            Dementia သည် ဦးနှောက်ဆဲလ်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားနေသည့် (Progressive neurodegenerative) ရောဂါအမျိုးအစား ဖြစ်ခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ အခြေအနေသည် ဆုတ်ယုတ်လာတတ်ပါသည်။ နဂိုအတိုင်း လုံးဝပြန်မဖြစ်နိုင်တော့သော်လည်း စိတ်ကြည်လင်ပြီး “ကောင်း သည့်နေ့များ” (“Good Days”) တစ်ခါတရံမှာ ရှိတတ်ကြပါသည်။ ထိုနေ့မျိုးမှာ ပုံမှန်ထက် စကား အနည်း ငယ် ပိုပြောလာခြင်း၊ မျက်နှာအမူအရာပြောင်းလဲကာ မျက်လုံးချင်းစိုက်ကြည့်ခြင်း၊ ပြုံးပြခြင်း၊ ပတ်ဝန်း ကျင် လှုပ်ရှားမှုများကို စိတ်ဝင်စားမှုပြလာခြင်းနှင့် အစာပိုစားလာခြင်း စသည်တို့ ခဏတာပြန်ဖြစ်လာတတ် ပါသည်။ ထိုအခိုက်အတန့်လေးများကို ပြုစုနေသူနှင့် မိသားစုဝင်များအနေဖြင့် တန်ဖိုးထားပြီး အခွင့် ကောင်း တစ်ခုအဖြစ် နွေးနွေးထွေးထွေး တုံ့ပြန်ပေးခြင်းအားဖြင့် သူတို့၏ဘဝကို အဓိပ္ပာယ် ပိုရှိစေပါသည်။

              Dementia ရောဂါရှင်ကို ပြုစုရသည်မှာ မလွယ်လှပါ။ ကိုယ်စိတ်နှလုံးသိမ်းကျုံးကာ ရှိသမျှအင်အား သုံးပါမှ တော်ကာကျသည်။ မိသားစုဝင်အားလုံး စည်းရုံးစွာဖြင့်  ပင်ပင်ပန်းပန်းရုန်းကန် ကြရ တတ်သည်။ မိသားစုဝင်များ သတိပြုရန်မှာ Dementia ကြောင့် Apathy ဖြစ်လာကြရသည့်အခါ အားရစရာ၊  စိတ်တက် ကြွစရာ တုံ့ပြန်မှု ရလာဘ်မျိုး မတွေ့ရခြင်းကြောင့် ပြုစုသူများမှာ ပိုပြီး ကြံရာမဲ့ အထီးကျန်သလို ခံစားလာရ ခြင်း၊ စိတ်ဓာတ်ကျလာခြင်း များ ဖြစ်လာတတ်ပါသည်။ ပြုစုနေကြသူအချင်းချင်း၊ မိသားစုဝင် အချင်းချင်း အမြဲသတိပေးရန်၊ အားပေးရန်လိုအပ်ပါသည်။ အလှည့်ကျ အနားယူကြရန်လည်း လိုပါသည်။ ပြုစုသူ နှင့် မိသားစုဝင်များ ကျန်းမာကြံ့ခိုင်ပါမှ ဝေဒနာရှင်ကို စိတ်ရောကိုယ်ပါ မေတ္တာစေတနာမပျက် ကရုဏာဓာတ် ဖြင့် ဆက်လက်ပြုစုပေးနိုင်ကြမည်ဖြစ်ပါသည်။

            Dementia ဝေဒနာရှင်များလည်း စိတ်ရှည်စွာဖြင့် ပြုစုစောင့်ရှောက်မှုပေးနေကြသူများ၏ စေတနာ မေတ္တာ အကြင်နာတို့ကြောင့် ချမ်းသာမှုရရှိကြပါစေ။

ဒေါက်တာသန်းထွန်းအောင်